ဆရာဂွမ်းနှင့် တပည့်ကျော်မောင်မောင်ခွီး
မနက်မိုးလင်း၍ မျက်နှာသစ်ပြီးတာနဲ့ ကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက် ထိုင်နေကြလက်ဖက်ရည်ဆိုင်သို့ ချီတက်လာခဲ့လေသည်။ လမ်းတွင်--
''ဆရာဂွမ်း''
''ပြောကွ''
''ဆရာဂွမ်း ဒီမိုကရေစီလိုချင်လားဗျ''
''ဟဲ့ ငခွီးရ၊ အာဏာရှင်ကို ဘယ်သူကမှ အလိုမရှိဘူးကွ''
''အဲဒါကြောင့် ဆရာဂွမ်း ဒီမိုကရေစီမရသေးတာ''
ကျွန်ုပ်တပည့် မောင်မောင်ခွီးက ဒီလိုပြောလာတော့ ကျွန်တော့်မှာ အောင့်သက်သက်ဖြစ်သွားသည်။ သူ့ကိုကြည့်လိုက်တော့ သူကပဲ ဆရာကြီးလိုလိုနဲ့--
''ဒီမှာ ငခွီး မင်းက ငါ့တပည့်ပဲ။ လူကလည်း ပိစိညှပ်ကလေး။ မင်းကို ပခုံးနဲ့တွန်းလိုက်ရင်ကို မင်းကားကြိတ်ပြီး သေသွားနိုင်တာသိလား''
''အဲဒီလို သူတစ်ပါးကို မကောင်းကြံတတ်လို့လဲ စစ်အာဏာရှင်လက်အောက် အကြာကြီးနေခဲ့ရတာမဟုတ်လား''
''မင်း ပြောလေ ကဲလေပါလား ငခွီး''
''ဟုတ်တယ်လေ ဆရာဂွမ်းရ၊ ကျွန်တော်မေးတာက ဒီမိုကရေစီလိုချင်လားမေးတာကို ဆရာဂွမ်းက လိုချင်ရင် လိုချင်တယ်ပေါ့။ အာဏာရှင်ကို ဘယ်သူကမှ
အလိုမရှိဘူးဆိုပြီး မဆိုင်တာကို ဖြေတာကိုး''
''ဒါဆို စစ်အာဏာရှင်လက်အောက် အကြာကြီးနေခဲ့ရတယ်ဆိုတာကကော''
'' ဒါကတော့ ရှင်းပါတယ်လေ၊ ဆရာဂွမ်းကို တစ်ခွန်းလောက်လေးပြန်ပြောမိတာကို ဆရာဂွမ်းက ကျွန်တော့်ကို ကားကြိတ်ဖို့တောင် ကြံစည်နေတယ်မဟုတ်လား။
ကျွန်တော်တို့ဗိုလ်ချုပ်လည်း ဒီလို မကောင်းကြံခံခဲ့ရတာပဲ။ မြန်မာလူမျိုးတွေက ကိုယ်နဲ့အယူအဆမတူသူကို မကောင်းကြံဖို့အမြဲတွေးနေတတ်တယ်မို့လား''
'' ဒီလိုလဲ မဟုတ်ပါဘူး ငခွီးရ၊ အကုန်လုံးတော့မဟုတ်လောက်ပါဘူး''
''ဘာပဲ ပြောပြောဆရာဂွမ်းရာ၊ ကိုယ့်နေရာကို လုမယ့်သူကိုတော့ တစ်ဖက်ရန်သူက တစ်နည်းနည်းနဲ့ မကောင်းကြံမှာပဲ''
လက်ဖက်ရည်ဆိုင် ရောက်ခါနီးတွင် ကျွန်ုပ်က ကွမ်းထုပ်ထဲတွင် လက်ကျန်ကွမ်းတစ်ရာကို ၀ါးရန်ထုတ်လိုက်ပြီး အိတ်အခွံကို ပစ်နေကြအတိုင်း ဖြစ်သလို ပစ်ချလိုက်သည်။ ပြီးနောက် ပါးစပ်အတွင်းမှ ကွမ်းသွေးကိုလည်း ကတ္တရာလမ်းမပေါ်သို့ ထွေးထုတ်လိုက်ရာ မည်းနက်နေသောကတ္တရာလမ်းမကြီးသည် ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် နီရဲသွားလေသည်။ ဤသည်ကို ငခွီးက မြင်သော်-
''ဆရာဂွမ်းက ပါးစပ်ကပဲ ဒီမိုကရေစီလိုချင်နေတာပဲ''
'' ဟ ငခွီး၊ မင်း ငါ့ကို ဆရာပြန်လုပ်နေတာလား''
'' မဟုတ်လို့လား ဆရာဂွမ်းရ၊ ခုကြည့်လေ။ အမိုက်ခွံကို ဟိုမှာရှိနေတဲ့ အမိုက်ပုံးထဲမထည့်ပဲနဲ့ လမ်းမကြီးအပေါ် ဒီအတိုင်း ပစ်ချရသလား၊ ကွမ်းသွေးကိုလည်းကြည့် ကတ္တရာလမ်းပေါ် မြင်မကောင်းရှုမကောင်း ''
''အဲဒီမြင်နေရတဲ့ အမိုက်ပုံးက ပြည်သူပိုင်မဟုတ်ဘူးကွ၊ အမိုက်ပုံးပိုင်ရှင်က သူ့အမှိုက်ပုံးထဲ လာထွေးထုတ်ရလားဆိုပြီး အော်ငေါက်ရင် ဘယ်လိုလုပ်မလဲ၊ မင်းအစိုးရက အမိုက်တွေလွင့်ပစ်ဖို့ လမ်းမပေါ်မှာ အမိုက်ပုံးထားပေးလို့လား ''
''ဆရာဂွမ်းကလည်းဗျာ၊ သူတို့ထားမပေးလည်း ဆရာဂွမ်းက နိုင်ငံကြီးသားပီသရမယ်လေ ''
''တယ်---ဒီကောင် ပြောလေကဲလေပဲ၊ ငါ တီးထည့်လိုက်ရ ''
''အဲဒါပဲ ဆရာဂွမ်း အဲဒါပဲ။ ပါးစပ်ကသာ အာဏာရှင်ကိုအလိုမရှိဘူးပြောနေတယ်၊ ဆရာဂွမ်းကိုယ်တိုင်က အာဏာသုံးချင်နေတာပဲ။ ဆရာဂွမ်းအနေနဲ့ ဘယ်တော့မှ ဒီမိုကရေစီမရတော့ဘူး''
တပည့်ကျော်ငခွီးက ကျွန်ုပ်ကို လူကြားထဲဆရာလာလုပ်တော့ ကျွန်ုပ်မှာ ရှက်လည်းရှက်၊ ဒေါသလည်း အကြီးကျယ်ထွက်၍ နောက်ဆုံး ငခွီးကို အားရပါးရ နားသားလယ်ကို တီးထည့်လိုက်ရာ အားဗြဲလျှာဗြဲနဲ့ အော်ကြီးဟစ်ကျယ်ငိုသောကြောင့် ကျွန်ုပ်မှာ လက်ဖက်ရည်နှင့် အီကြာကွေးအပြင် မုန့်ဟင်းခါး တစ်ပွဲပါ အဆစ်ကျွေးပြီး ချော့ခဲ့ရလေသည်ကား တမုံ့။
''မင်းက ဒီလိုဆုံးမမှပဲ ရတော့မှာ။ ဖြန်း ဖြန်း ဖြန်း ''
'' ဗြဲ၊ အု--အု''
မောင်ချမ်းမွန်
ပြည်ချစ်သားဂျာနယ်။ ၂၃-၁၂-၂၀၁၆