ဗိုင်းရပ်တော်တော်များများမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ဗိုင်းရပ်က သိပ်ကို ကြောက်ဖို့ ကောင်းပါတယ်။ အချို့သူတွေဟာ မိမိအမျိုးသမီး၊ မိမိအမျိုးသားတို့  မသိဘူးအထင်နဲ့ အိမ်ထောင်ရေးဖောက်ပြန်တတ်ကြပါတယ်။
အိမ်ထောင်ရေးဖောက်သူများကို လူမှုရေးရာထဲမှာ နာမည်ပျက်တတ်ပါတယ်။ ၄င်းအနေနဲ့ ကောင်းတာတွေဘယ်လောက်ပင် လုပ်နေပါစေ မိမိပတ်ဝန်းကျင်ကတော့ အမြဲတမ်းဝေဖန်ခံရတတ်ပါတယ်။ လူကောင်း သူကောင်းတွေရဲ့ ရှောင်ကြဉ်မှုကိုခံရခြင်း၊ အထင်သေး အမြင်သေးတဲ့အကြည့်များဖြင့် ဆက်ဆံခံရခြင်း၊ တန်ဖိုးမထားတော့ခြင်းစတဲ့ မကောင်းကျိုးကို ရစေပါတယ်။ စီးပွားရေးကအစ တိုးတက်မှုတွေကိုလည်း နှောင့်နှေးစေပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်လို့  နာမည်ပျက်ပြီဆိုမှတော့ ဘာလုပ်လုပ် မတင့်တယ်တော့ပါဘူး။ သူ့ ခန္ဓာမှာ စိန် ရွှေ ပတ္တမြားတွေ စီခြယ်ထားပေမယ့်လည်း နာမည်ကောင်း ဘယ်လိုမှ မရနိုင်တော့ပါဘူး။အကျိုးရလာဒ်တစ်ခုခု ရစရာရှိတဲ့သူများသာ ရှေ့တစ်မျိုး နောက်တစ်မျိုးနဲ့ ပေါင်းသင်းတတ်ကြပါတယ်။
လူ့ဘောင်ထဲမှာနေတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ရှိတဲ့သူများအတွက်တော့ ဘာလုပ်လုပ် အကြောက်တရားတွေနဲ့ချည်းပါပဲ။ ဘယ်အချိန် ငါလုပ်တာ သိသွားမလဲဆိုတဲ့ စိတ်နဲ့ လူတိုင်းကို သံသယနဲ့ကြည့်နေတတ်ပြီး အလွယ်တကူဖောက်ပြန်လို့  ရတဲ့သူတွေကိုလည်း ရှာဖွေနေတတ်ကြပါတယ်။ ပထမတစ်ကြိမ် ဖောက်ပြန်ဖူးသူဟာ နောက်ထပ် အခါပေါင်းများစွာကို ဖောက်ပြန်ဖို့  ဝန်မလေးတတ်ကြပါဘူး။ သူတို့ နှုတ်က ဘယ်လိုပင် ကတိတွေပေးပေး ပေးထားတဲ့ကတိလည်း လွယ်လွယ်နဲ့ ပြန်ဖျက်တတ်ကြပါသေးတယ်။
ဖောက်ပြန်တဲ့သူတွေကို သူတို့ ရဲ့ ကာမပိုင် ယောက်ျား/မိန်းမတွေက အမြဲလိုလို စောင့်ကြည့်နေတတ် ကြပြီး သည်းမခံနိုင်တဲ့စိတ်တွေကြောင့် ခိုက်ရန်ဒေါသ ခဏတိုင်းဖြစ်တတ်ကြပါတယ်။ အဆိုးဝါးဆုံးလူတွေကိုတော့ တရားရုံးတွေမှာ တွေ့ရတတ်ပြီး လင်ကွဲ မယားကွဲတွေ ဖြစ်ကြပါတယ်။
လင့်ကျင့်ဝတ်
လင်နှင့်မယားအချစ်ဟာ အမြတ်တနိုး လွန်စွာလေးစားအပ်တယ်လို့  သတ်မှတ်ထားတာကြောင့် မြင့်မြတ်တဲ့ အိမ်ထောင်သည်ဘဝကို (သဒါရ-ဗြဟ္မာစရိယ)လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဗြဟ္မာ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို သတိပြုရပါမယ်။ လင်နှင့်မယားဆက်ဆံရေးကို အမြင့်မားဆုံး လေးစားမှုပြုထားခြင်းပါပဲ။ လင်နှင့်မယားဟာ တစ်ဦးနှင့်တစ်ဦး သစ္စာစောင့်ထိန်း ရိုသေလေးစား အမြတ်တနိုးရှိကြရပါမယ်။ တစ်ဦးနှင့်တစ်ဦး ပြုအပ်တဲ့ဝတ္တရားများရှိရာမှာ လင်ဖြစ်သူက မိမိမယားကို
၁။ အမြတ်တနိုး ဂုဏ်ပြုခေါ်ဝေါ်ခြင်း
၂။ မည်သည့်အခါမျှ မလေးမစား နှိမ့်ချ မခေါ်ဝေါ်ရခြင်း
၃။ မိမိမယားကို မြတ်နိုး၍ အခြားမိန်းမနှင့်မဖေါက်ပြန်ရခြင်း
၎။ လျောက်ပတ်သောနေရာပေး၍ အိမ်မှုကိစ္စအဝဝကို သက်သာစွာဆောင်ရွက်နိုင်ရန် စောင့်ရှောက်ခြင်း
၅။ အဝတ်တန်ဆာ လက်ဝတ်ရတနားများပေးကမ်း၍ ရွှင်လန်းဝမ်းမြောက်စေခြင်း၊ မိမိရသော ငွေကြေးစသည်ကို မိမိမယားကို အပ်နှံခြင်းစတဲ့ လင့်ဝတ်များကို ကျေပွန်စေရပါမယ်။
ဒီလင်ကျင့်ဝတ်ထဲမှာ နံပါတ်သုံးက ဖောက်ပြန်တာပါပဲ။ ဒီကျင့်ဝတ်တရားကို ဖောက်ပြန်ခဲ့မယ်ဆိုရင် မိမိပတ်ဝန်းကျင်နဲ့ ပညာရှိသူတော်ကောင်းတွေဟာ ရှောင်ဖယ်သွားကြမှာပါ။ တချို့များဆိုရင် မိမိလုပ်အားနဲ့ရလာတဲ့ ငွေကြေးတွေကို မိမိမယားကို မပေးကြပါဘူး။ ဒါကလည်း ကျင့်ဝတ်ကို ဖောက်ပြန်တာပါပဲ။ ဒီလိုလူမျိုးက မိမိမယားကို စောင့်ရှောက်တာမဟုတ်ပဲ ကာမဂုဏ်မျှလောက်သာ တူတူသံဝါသပြုပြီး သူများ သမီးပျိုကို ဖျက်စီးတာနဲ့ အတူတူပါပဲ။ ဒါဟာ လုံးဝမလုပ်သင့်ပါဘူး။ မယားလုပ်စာကို ထိုင်စားပြီး မိမိလုပ်အားကိုတော့ မပေးပဲနေတာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ မိမိမယားကော မိမိကိုယ်တိုင်ပါ အိမ်ထောင်ရေးကို မထူထောင်တတ်ပဲ သံဝါသပြုဖို့ သာသိတဲ့ လူ့ငနွားသက်သက်ပါပဲ။
မယားကျင့်ဝတ်
မယားကလည်း အတုံ့အလှည့် အနေနဲ့ အိမ်ထောင်ရဲ့ ပြုဖွယ်ကိစ္စများကို
၁။ ကောင်းစွာ အုပ်ချုပ်စီရင် ခြင်း
၂။ ညဥ့်အိပ်ညဥ့်နေ ရောက်ရှိလာသူဧည့်သည်၊ အလည်အပတ်လာသူ မိတ်ဆွေ၊ ဆွေမျိုးသား ချင်းနှင့် အစေအပါး အလုပ်သမားတို့အား ဧည့်ဝတ်ကျေပွန်စွာ ပြုစုကျွေးမွေးခြင်း
၃။ မိမိယောက်ျားကို မြတ်နိုး၍ အခြားယောက်ျားနှင့်မဖေါက်ပြန်ရခြင်း
၎။ မိမိလင်သား ရှာဖွေစုဆောင်းခဲ့သော ဥစ္စာစည်းစိမ်ကို ထိန်သိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်းခြင်းဖြင့် မိမိတာဝန်များကို ကျေပွန်စေခြင်း စတာတွေပါပဲ။
ဒီအထဲမှာလည်း နံပါတ်သုံးက မိမိယောက်ျားကြီး ရှိနေရဲ့သားနဲ့ အခြားယောက်ျားများနဲ့ ပလူးပလဲလုပ်ပြီး မဖောက်ပြန်ရပါဘူး။ အချို့သူတွေဟာ အပျင်းပြေ အပျင်းပြေနဲ့ နောက်တော့ ကာမရေကြောမှာ နစ်မြောပြီး ဖောက်ပြန်တတ်ကြပါတယ်။ တစ်ချို့သူများဆို ငါ ဘယ်နှယောက်နဲ့ ဖောက်ပြန်နိုင်တယ်ဆိုတာ ပြိုင်ပြီး ဂုဏ်ယူနေကြသူများတောင် ရှိပါသေးတယ်။ ဒါဟာ အကြီးမားဆုံး အမှားကြီးပါပဲ။ မိမိယောက်ျားရှိလျှက်နဲ့ တခြားယောက်ျားနဲ့ ဖောက်ပြန်တတ်တဲ့မိန်းမတွေကို မိမိပတ်ဝန်းကျင် မိမိဆွေမျိုး မိမိအသိုင်းအဝိုင်းထဲမှာ သိမ်ငယ်စွာနဲ့ နေကြရပါတယ်။ တခါပြုလုပ်မိတဲ့အမှားကြောင့် တသက်လုံး စိတ်ဆင်းရဲကြရမှာပါပဲ။ မိမိဘာပဲလုပ်လုပ် အဖျက်သမားတွေနဲ့ပဲ တွေ့ရတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ စော်ကားမှု အထင်သေးမှု ရွံ့ရှာမှုတွေကို နေ့စဉ်အမျှ ခံစားရပါတယ်။ ယောက်ျားတိုင်းက အထင်သေးပြီး စော်ကားလိုတဲ့စကားလုံးတွေနဲ့ပဲ အဆက်ဆံခံရတတ်ပါတယ်။
ဘာသာရေးနဲ့ ဖောက်ပြန်မှု
ဖောက်ပြန်မှုဟာ ဘာသာတရားနဲ့ ကြည့်မယ်ဆိုရင် အလွန်အမင်း ကြောက်ဖို့ ကောင်းပါတယ်။ အရှင်အာနန္ဒာလောင်းလျာဟာ ပါရမီနုစဉ်ဘဝက သူတပါးသား၊ သမီးတွေကို ဖျက်စီးခဲ့လို့ မိန်းမဘဝကို ရောက်ခဲ့ရပါတယ်။ သူတပါးသား မယားကို ဖျက်စီးသူဟာ နောင်ဘဝမှာ ငရဲဘုံမှာ အကြိမ်ကြိမ် ကျရောက်ရပြီး ဖြစ်လေရာဘဝတိုင်းမှာ ယောက်ျားမဟုတ် မိန်းမမဟုတ်နဲ့ အခြောက်ဘဝမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ယောက်ျားဘဝကနေ နောင်ဘဝမှာ မိန်းမဘဝကို ရစေတတ်ပါတယ်။ ကျား/မ လိင်အင်္ဂါ မပြည့်စုံခြင်းနဲ့ သန္ဓေမအောင်မြင်ခြင်း သန္ဓေမြုံနေခြင်းတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေဟာ ရှေးအရင်ဘဝကနေပြီး သူတပါး သားမယားကို ဖျက်ဆီးခဲ့လို့ နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့လို့ ပါပဲ။
ဘယ်လိုလုပ်မှ အိမ်ထောင်ရေးဖောက်ပြန်သလဲ
လူတိုင်းဟာ ခန္ဓာကိုယ်အချင်းချင်း မေထုန်စပ်ယှက်မှုကိုမှ ဖောက်ပြန်တယ်လို့  ထင်နေတတ်ကြပါတယ်။ ဒါဟာ အကြီးမားဆုံးသော အမှားကြီးပါပဲ။ မိမိမှာ ကာမပိုင် လင်ယောက်ျား မယားမိန်းမ ရှိနေကြရဲ့သားနဲ့
၁။ တခြားသော ယောက်ျားများနှင့် မေထုန်စပ်ယှက်ခြင်း
၂။ တခြားသော ယောက်ျားများနှင့် မေထုန်နှင့်ပက်သက်သည့် ခွန်းတုန့် များ ပြောဆိုခြင်း စတာတွေနဲ့ ခေတ်သဘာဝအလျောက် အင်တာနက်ဖြင့် ယောက်ျားတကာ မိန်းမတကာတို့ နဲ့ ပလူးပလဲလုပ်ခြင်း၊ အီစီကလီလုပ်ခြင်း၊ ကာမဆိုင်ရာစကားများ ပြောဆိုခြင်းတို့  အပါဝင်ပါပဲ။
မိမိယောက်ျားကို ဘေးမှာထားပြီး ယောက်ျားတကာနဲ့ ဖုန်းထဲမှာ ကာမရနံ့တွေ မိုးမွန်အောင် ပြောဆိုနေကြသူတွေဟာ ဖောက်ပြန်ကြသူတွေပါ။ မိမိမိန်းမကို ဘေးမှာထားပြီး မိန်းမတကာနဲ့ အင်တာနက်ပေါ်မှာ မေထုနသံဝါသစကားတွေ ပြောဆိုတာဟာလည်း ဖောက်ပြန်သူပါပဲ။ ဖောက်ပြန်တတ်တဲ့သူတွေဟာ တစ်ကြိမ်ဖောက်ပြန်ပြီး တခြားသူတွေကိုလည်း ဖောက်ပြန်ဖို့  အမြဲတမ်း စူးစမ်းလေ့ရှိပါတယ်။ အဲဒီ ဖောက်ပြန်သူတွေကိုလည်း ပတ်ဝန်းကျင်နဲ့ မိမိအသိုင်းအဝိုင်းက ရှုပ်ချပြီး အထင်သေး အမြင်သေးကာ ဝိုင်းပယ်တတ်ကြတာဟာလည်း သဘာဝပါပဲ။ ဖောက်ပြန်တတ်တဲ့သူတွေဟာ အော်ဂလီဆန်ပြီး ရွံ့မုန်းစရာကောင်းတဲ့ သူတွေပါပဲ။
မောင်ချမ်းမွန်
fri-oct-14-2016 PM:09:09:00
စံတော်ချိန်သတင်းစာ