Breaking News

ကျောင်းတက်ချင်တယ်(၀တ္ထု)

''မျိုးလွင် ...ကိုင်းကိုသေချာကူးနော် ချော်တယ်''

သန်းဇော်ဦးက မျိုးလွင်ကို သတိလှမ်းပေးသည်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က မိုးအကြီးအကျယ်ရွာထားတော့ ရွာထိပ်က မန်ကျည်းပင်လေးမှာ ရွက်နုတွေ ဝေလို့။ စိမ်းဖန့်ဖန့်ရွက်နုတွေက ပင်လုံးကျွတ်ဖြစ်နေတော့ ကျွန်တော်တို့ ပျော်ရသည်။ မနေ့က ရွာတောင်ဖျားက ဒေါ်လွန်းကြည်က ငါးဆယ်သားယူမည်ဟု ကြိုတင်မှာထား သည်။ အိမ်အနောက်ဖက်က ဒေါ်လုံးက နှစ်ဆယ့် ငါးကျပ်သား။ ဒေါ်ဖွားစိန်က ငါးဆယ်သား။ ဒေါ်ခင်စန်းက ငါးဆယ်သား။ ဒီနေ့အဖို့ မန်ကျည်းရွက်နု တစ်ပိဿာ ကျော်ကျော်မှမရလျှင် အိမ်မပြန်ဟု ဆုံးဖြတ်ချက်ချထား သည်။ ယခု လွယ်အိတ်တစ်လုံးခန့်ပင် ရနေချေပြီ။ ၇ နာရီ ကျော်ကျော်လောက်ဆိုလျှင် သာဘုလာမည်။ သာဘုက မန်ကျည်းရွက်ကို အညွန့်လိုက်မခူးပဲ တစ်ကိုင်း လုံးကို လက်ဖြင့်သပ်ယူသည်။ သာဘုလာလျှင် မျိုးလွင် အနေဖြင့် တစ်ပိဿာရဖို့ မလွယ်ကူတော့။ ထို့ကြောင့် သာဘုအိပ်ရာကမနိုးခင် မနက်ဝေလီဝေလင်းကတည်းက သန်းဇော်ဦးနှင့်အတူ လာခဲ့သည်။

မနက် ၇ နာရီကျော်တော့ သာဘုရောက်လာသည်။ သို့ရာတွင် မျိုးလွင်ထင်သလို မန်ကျည်းရွက်လာခူးသည် မဟုတ်။ ဆေးဆိုးထားသည့် ဖျင်ကြမ်းအစိမ်းရောင်ပုဆိုးနှင့် သူ့ထက်နှစ်ဆခန့်ကြီးသော အင်္ကျီအဖြူကို ဝတ်လာသည်။ အင်္ကျီက အဖြူဟုဆိုသော်လည်း အတော်လေးပင် ဟောင်းနွမ်းနေပေပြီ။ သည်အင်္ကျီနှင့်ပုဆိုးကို ဝတ်ထား တော့ သာဘု တော်တော်ပျော်နေဟန်ရှိ၏။ လွယ်အိတ် အနက်ရောင်လေးကို ကျောပိုးလွယ်အိတ်ကဲ့သို့ လွယ်ထား သည်။

''မျိုးလွင် ... မင်း ကျောင်းမလိုက်ဘူးလား''

''ကျောင်းဖွင့်ပြီလား ဟ''

''အေး ဒီနေ့ဖွင့်တာ၊ ငါတို့ ဒီနှစ် နှစ်တန်းတက်ရမယ် လေ'

သာဘုအသံက တက်ကြွနေသည်။ သူက နှစ်တန်းဆို တော့ မျိုးလွင်ကလည်း နှစ်တန်းပဲလေ။ မနှစ်က ကျောင်းတက်တော့ သာဘုက ကျောင်းသားခေါင်းဆောင်။ ဆရာမစာသင်ခန်း ဝင်လာသည့်အခါ၊ ကျောင်းဆင်းသည့် အခါတို့မှာ သာဘုက ရှေ့ကနေ 'အတန်းထ နှုတ်ဆက်'လို့ပြောတော့ အားလုံးက 'မင်္ဂလာပါ ဆရာမ၊ ကျေးဇူး တင်ပါတယ် ဆရာမ' ဟု သံပြိုင်ရွတ်ဆိုရသည်။ အဲဒီ တုန်းက မျိုးလွင်အနေဖြင့် သာဘုကို မကျေနပ်ခဲ့။ အဘယ့် ကြောင့်ဆိုသော် သာဘုက ကျောင်းဖွင့်ပြီး ၁၅ ရက် လောက်ကြာမှ ကျောင်းရောက်လာသည်။ ကျောင်းအုပ် ဆရာမကြီးက ကျောင်းအပ်နောက်ကျသောကြောင့် သိပ်ပြီး လက်မခံချင်။ သို့သော်လည်း ရပ်မိရပ်ဖတွေမို့ လက်ခံခဲ့ရသည်။ သာဘုကျောင်းမတက်ခင် ၁၅ ရက်ခန့်က အတန်းခေါင်းဆောင်က မျိုးလွင်။ သူက 'အတန်းထ နှုတ်ဆက်'လို့ ပြောသည့်အခါ ကျောင်းသား ကျောင်းသူ အားလုံး နောက်က သံပြိုင်ရွတ်ဆိုခဲ့ရသည်ကို ကျေနပ်ခဲ့ သည်။ သာဘုရောက်လာတော့ ခေါင်းဆောင်နေရာက ဖယ်ပေးခဲ့ရသည်။ ဤသည်ကို မျိုးလွင် မကျေနပ်ခဲ့ပေ။ ထို့ကြောင့် နောင်နှစ် နှစ်တန်းတွင် အတန်းခေါင်းဆောင် နေရာရဖို့ စာကြိုးစားခဲ့သည်။ ရည်မှန်းချက်ဖြင့် ကြိုးစားခဲ့ သောကြောင့်လောမသိ။ ကျောင်းတွင်း လပတ်စာမေးပွဲ ဖြေဆိုတိုင်း ပထမရခဲ့သလို နောက်ဆုံး အတန်းတင်စာမေးပွဲ တွင်လည်း ပထမရခဲ့သည်။

''အေး မင်းသွားနှင့်ကွ၊ ငါ လာခဲ့မယ်''

မျိုးလွင် အသံက သာဘုထက် တက်ကြွနေပုံရသည်။ မနှစ်က စာမေးပွဲပထမရတော့ ဒီနှစ် နှစ်တန်းတွင် မျိုးလွင် က အတန်းခေါင်းဆောင်နေရာ အော်တိုမစ်တစ်ရမည်။ ဤသည်ကို တွေးမိပြီး မျိုးလွင်တက်ကြွနေသည်။ သာဘုက မန်ကျည်းပင်အောက်မှာတွေ့သော ပဲစင်းငုံရိုးကို ချိုးပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ တရွှမ်းရွှမ်းမြည်သံနှင့် အတူ သာဘုနေရာမှ ထွက်ခွာသွားသည်။

''သန်းဇော်ဦး အိမ်ပြန်မယ်ကွာ၊ အမေ့ပြောပြီး ကျောင်း သွားရအောင်''

မျိုးလွင်က သန်းဇော်ဦးကို လှမ်းပြောတော့ သန်းဇော်ဦး၏ သက်ပြင်းချသံ သဲ့သဲ့ကြားလိုက်ရသည်။ သန်းဇော်ဦးအိမ် နှင့် မိမိအိမ်က တောင်ဘက် မြောက်ဘက်ဆိုတော့ သူတို့ အိမ်၏အခြေအနေကို မျိုးလွင်က သိသည်။ ထို့အတူ မျိုးလွင်၏အိမ်အခြေအနေကိုလည်း သန်းဇော်ဦးက သိသည်။ သန်းဇော်ဦး အဖေသည် ထန်းတက်ရုံမှလွဲပြီး မည်သည့်စီးပွားရေးမှ မလုပ်။ ထန်းနားသည့်အခါမျိုးတွင် ထန်းဖျင်ခြင်း၊ သစ်ငုတ်တူးခြင်း၊ ယာကွက်ထဲက ပဲစင်းငုံ ငုတ်တို့ကို တူးခြင်းဖြင့်သာ ဝင်ငွေရှာသည်။ ထို့ကြောင့် စီးပွားရေးက မပြေလည်။

မနက်က ပြောသံကြားရသည်မှာ ဒီနှစ် သန်းဇော်ဦးကို ကျောင်းမထားတော့ဘူးတဲ့။ တခြား သူများရဲ့ ထန်းများပါ အစားတက်ရသောကြောင့် မြူအိုး ကောက်ခိုင်းမည်ဟု ကြားခဲ့ရသည်။

''ငါ့အဖေက ကျောင်းမထားတော့ဘူးတဲ့၊ ထန်းတောထဲ မြူအိုးကောက်ရမယ်လို့ ပြောတယ်''

''ဟင် ဒါဆို မင်း ကျောင်းမလိုက်တော့ဘူးပေါ့''

''အေးလေ မလိုက်တော့ဘူး၊ စာလည်းမကျက်ရတော့ ပျော်စရာကြီးပေါ့။ မနက်နဲ့ ညနေ မြူအိုးကောက်ရမယ်၊ နေ့လယ်ကျတော့ တောထဲ ပုတတ်ရှာမယ် ကြွက်လိုက်မယ် ဘယ်လောက်ပျော်စရာကောင်းလဲ''

''ဟင် အဲဒါ ငရဲကြီးတယ်လို့ ငါ့အမေက ပြောပြ တယ်ကွ''

''ငရဲလား ငရဲဆိုတာ ဘယ်လိုဟာလဲ၊ ကျတော့လည်း နောက်ကိုယ်ပေါ့ကွာ။ ဒီဘဝ စံရရင် ပြီးတာပဲ''

ကျောင်းမတက်ရသည်ကိုပင် သန်းဇော်ဦးက ပျော် နေဟန်ရှိ၏။ သူ့ကိုကြည့်ပြီး မျိုးလွင် နားမလည်။ မနှစ်က သင်ခဲ့ဖူးသော အတန်းပညာမတတ်လျှင် ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေးသားလို ပစ္စည်းဥစ္စာ ဘယ်လောက်ပင် ကြွယ်ဝပါသော်လည်း ပျက်စီးဆုံးရှုံးရသည်ကို မသိလေ လျော့သလား။ ပညာမတတ်လျှင် သူတစ်ပါးအခိုင်းအစေ ဖြစ်သည်ကို သူ့အဖေက မသင်ကြားလေသလား။ ဒါတွေ ကို ပြောပြရင်လည်း သန်းဇော်ဦးက လက်ခံမည်မထင်။ ပုတတ်ရှာတာ ကြွက်လိုက်တာကိုပင် ကောင်းတယ်လို့သူက ခံယူထားမှတော့ မိမိဘယ်လောက်ပင်ပြောပြော နားဝင်ဖို့ရာ မလွယ်။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ ပထမဦးဆုံး လက်ခံထားသည့် အယူအဆတစ်မျိုးမျိုးမှ နောက်ထပ်အယူအဆတစ်မျိုးမျိုးလက်ခံဖို့ မလွယ်ကူသော ကြောင့်ပင်တည်း။

''အေးကွာ ဒါဆိုလည်း ငါ ပြန်တော့မယ်''

''ဟ မင်းအမေက တစ်ပိဿာရအောင် ခူးခိုင်းတာလေ၊ ပြည့်ပြီလား''

''မခူးတော့ဘူး ကျောင်းတက်ဖို့ အမေ့ကိုပြောရမယ်၊ ငါ့အမေကတော့ ထားမှာကွ''

မျိုးလွင်က မန်ကျည်းပင်ပေါ်ကနေ မျောက်တစ်ကောင် ကဲ့သို့ တစ်ကိုင်းပြီး တစ်ကိုင်းကူးကာ အောက်ကိုဆင်း လိုက်သည်။ ပြီးနောက် ခူးထားသော မန်ကျည်းရွက် လွယ်အိတ်ကို ကိုင်းနှစ်ဖက်ချည်ပြီး သူ၏အိမ်ကို အပြေး အလွှား သွားလေသည်။

အိမ်ကို အပြေးအလွှားလာသော်လည်း အိမ်တွင် အမေမရှိမည်ကို စိုးရိမ်နေမိသည်။ သည်အချိန်ဆို ရွာရှေ့ကကွင်းထဲကို အမေ နွားတွေလွှတ်နေကျ။ ရှိပါစေဟုသာ ဆုတောင်းနေမိသည်။ ဦးသာစိုးတို့အိမ်ရောက်တော့ မျိုးလွင်က သူတို့အိမ်ကို လှမ်းကြည့်သည်။ အို ...။ အိမ်တွင် တစ်ခါမျှမလာဖူးသော ဆရာမတို့ အိမ်ရောက်နေ သည်။ မိမိကျောင်းမလာလို့ လိုက်ခေါ်သည်လား။ ဒါမှ မဟုတ် အကြောင်းတစ်ခုခုလား။ မျိုးလွင်က အိမ်ရောက်တော့ အိမ်ထဲကို တန်းမဝင်သေးပဲ မီးဖိုချောင်ဘေးကို ကပ်ပြီး မတ်တတ်ရပ်လိုက်သည်။

''ကျွန်မကတော့ မထားနိုင်တော့ဘူး။ ရွာမှာ ဘွဲ့ရပြီး တဲ့သူတွေမှ အများကြီး။ သူတို့တောင် ဘွဲ့ရပြီး နွားကျောင်း၊ ဆိတ်ကျောင်းနဲ့။ ကျွန်မသားလည်း ဘွဲ့ရရင် ထန်းတက် နွားကျောင်းပဲဖြစ်မှာ။ ဒါကြောင့် ဆက်မထားတော့ဘူး''

''သေချာစဉ်းစားပါဦး မလှစိန်ရယ်၊ ကျွန်မတို့က စေတနာနဲ့ ပြောတာပါ။   နိုင်ငံတော်အစိုးရကလည်း   ကျောင်းအပ်ခတွေ မတောင်းဖို့ချမှတ်ထားပါတယ်။ ပြီးတော့ ကျောင်းစိမ်းဝတ်စုံတွေ စာအုပ်ခဲတံတွေ အဲဒါတွေ အကုန်လုံး နိုင်ငံတော်ကပေးမှာပါ။ မလှစိန်ကုန်စရာ ဘာမှမရှိပါဘူး''

''အို . . .ကုန်စရာ ရှိရှိ မရှိရှိ။ ခုခေတ်က ပိုက်ဆံရှိရင် ဘာလုပ်လုပ် အကုန်တင့်တယ်တယ်။ ဆရာမတို့ပဲ ကြည့်လေ။ ရွာအရှေ့ပိုင်းက ဦးဝင်းအေးရဲ့သားဆိုရင် ပညာတတ်ဘွဲ့ရပြီးပဲ။ ခုတော့ သူတစ်ပါးရဲ့လယ်မှာ ကူလီ လုပ်နေရတယ်။ ကျွန်မတို့စပါးစိုက် ပျိုးနုတ်တော့ ဘွဲ့ရ ပြီးသား သင်းခိုင်တို့ မြမွန်တို့လည်း ပါတာပဲလေ။ ပညာတတ်ပြီး သူတစ်ပါးအခိုင်းအစေဖြစ်နေတဲ့ခေတ်မှာ ကျွန်မ သားလေး ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်လည်း သူတစ်ပါး အခိုင်းအစေဖြစ်မှာပဲ။ ဒီတော့ မထားနိုင်ဘူး။ နိုင်ငံတော် အစိုးရက ဝတ်စုံတွေ စာအုပ်တွေ ဘယ်လောက်ပေးပေး ကျွန်မ မမက်ဘူး။ ဘာလို့လဲသိလား။ ကျွန်မသားလေး မန်ကျည်းရွက်တစ်ခါတက်ခူးရင် ပိုက်ဆံ သုံးလေးထောင် ကတော့ တစ်ရက်တည်းရတယ်''

အမေဖြစ်သူ၏စကားကြောင့် မျိုးလွင် မျက်လုံးပင် ပြူးသွားသည်။ ကျောင်းမထားဘူးတဲ့လား။ အမေက အတန်းကျောင်းကို ထားမပေးဘူးတဲ့လား။ မျိုးလွင် တွေးရင်း အားငယ်သလို ခံစားလာရသည်။ မန်ကျည်းရွက် ထည့်ထားသော လွယ်အိတ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ် ကိုင်လိုက်ပြီး လက်မောင်းသားဖြင့် မျက်ရည်သုတ်လိုက်သည်။ မျက်လုံးထဲတွင် မနက်ကတွေ့လိုက်ရသော သာဘု ကို မြင်ယောင်လာသည်။ သာဘုက အကြွားသန်သည်။ ကျောင်းမတက်သော မိမိကို ဘယ်လိုကြွားဦးမည်မသိ။ ပြီးတော့ အတန်းခေါင်းဆောင်။ ဒီနှစ်က မဖြစ်မနေ အတန်းခေါင်းဆောင်နေရာ ရမည့်နှစ်။ မျိုးလွင်က အသံ မထွက်အောင် ပင့်ရှိုက်လိုက်သည်။

''ကျွန်မတို့က စေတနာနဲ့ပြောတာပါ မလှစိန်ရယ်၊ ပညာတတ်တစ်ယောက်ဟာ သူတစ်ပါးဆီအလုပ် လုပ်ကြရ ပေမယ့်လို့ ဘယ်လိုအလုပ်မျိုးပဲလုပ်လုပ် သူ့အတွက်ကတော့ တင့်တယ်နေတာပါပဲ။ ပြီးတော့ ပညာမတတ်တဲ့ သူတစ်ယောက် အလုပ်သွားလျှောက်တဲ့အခါ ဒီခေတ်မှာ ဝန်ထမ်းနေရာတောင်ရနိုင်ဖို့ မလွယ်ကူတော့ဘူး။ မျိုးလွင်လေးက ပညာကလည်းတော်ပါပေရဲ့။ သူ ကြီးလာရင် ဆရာဝန်ကြီးတောင် ဖြစ်နိုင်တယ်။ ဒါကြောင့် ကျောင်းထားစေချင်တယ်''

''ကျွန်မ စကားကို ကုန်အောင်ပြောပြီးပြီပဲ ဆရာမ တို့ရယ်၊ ဆရာမတို့လည်း ပြန်ကြပါတော့။ ကျွန်မက သေချာ ဆုံးဖြတ်ပြီးမှ ပြောတာပါ။ ကျွန်မသားကို ဘယ်လိုနည်းနဲ့မှ   ကျောင်းမထားနိုင်တော့ဘူး။ ကျောင်းတတ်လို့ လခပေး တယ်ဆိုရင်လည်း တစ်မျိုးပေါ့တော်''

''လခတော့ ဆရာမလည်း မပေးနိုင်ပါဘူး။ ဒါပေမယ့်လေ ဒေါ်လှစိန်သဘောတူမယ်ဆိုရင် ကျွန်မ သူ့ရဲ့ပညာသင် စရိတ် အကုန်လုံးကို ထောက်ပံ့ပါမယ်။ သူ့ကို ကျောင်းသာ ထားပေးပါ''

''တော်ပါတော့ ဆရာမတို့ရယ်၊ ဆရာမတို့လည်း ထပ်ပြီး မတိုက်တွန်းပါနဲ့တော့။ ကျွန်မဘဝနဲ့ ကျွန်မကံ အတိုင်း ထားလိုက်ပါတော့''

ဒေါ်လှစိန်၏ စိတ်ပျက်ပျက်လေသံကြောင့် ဆရာမတို့ ဆက်လက်စကားမပြောကြတော့။ သက်ပြင်းများ ချ၍သာ နေရာမှထပြန်ဖို့ အပြုတွင်

''ဆရာမ...''

''သားလေး . . .မငိုပါနဲ့ကွယ်။ ဆရာမ ကြိုးစား ကြည့်ပါဦးမယ်''

ဆရာမက မျိုးလွင်ကိုဖက်ပြီး ဝမ်းနည်းသံဖြင့် ပြောသည်။ ဒေါ်လှစိန်ကတော့ သူနဲ့ လားလားမှမသက်ဆိုင် သည့်အလား။

''မေမေ သားကို ကျောင်းထားပေးပါနော်။ သား ကျောင်းတက်ချင်တယ်။ သား ကျောင်းမတက်ရင် အတန်း ခေါင်းဆောင်နေရာရမှာ မဟုတ်ဘူး''

''နေချင်ဦး နေချင်ဦးသေနာကောင်ရဲ့။ နင် ကျောင်းနေရင် နင့်ပါးစပ်မျိုစို့ဖို့ ဘယ်သူက လာကျွေးမှာလဲ။ ဘယ်မလဲ မန်ကျည်းရွက်။ ငါ့အတွက် ပညာမလိုဘူး မန်ကျည်းရွက်ပဲလိုတယ်''

ဒေါ်လှစိန်က အော်လည်းအော်။ ရိုက်လည်း ရိုက်နဲ့ တစ်အိမ်လုံး ပွက်လောထသွားသည်။ မျိုးလွင်ကတော့ ဆရာမကို ဖက်ထားဆဲ။

''သား ပညာတတ်ကြီးဖြစ်ရင် မေမေ့ကို လုပ်ကျွေးမှာပါ မေမေရဲ့။ အီး ...ဟီး ...ဟီး ...။ သားကို ကျောင်း ထားပေးပါ။ သား ကျောင်းနေချင်တယ် အီး ...ဟီး ... ဟီး ...''

မျိုးလွင် ဘယ်လိုပြောပြော ဒေါ်လှစိန်က ဂရုပင်မစိုက်။ တန်းလျားကြီးပေါ် ဖြစ်သလိုထိုင်ပြီး မျိုးလွင်ကိုသာ စူးစူးရဲရဲ ကြည့်နေသည်။ အမှန်က ဒေါ်လှစိန်ခမျာမှာလည်း ကျောင်းမထားချင်၍တော့ မဟုတ်။ မိမိ၏ အိမ်ဦးနတ် ဖြစ်သည့် ကိုသာမောင်က လွန်ခဲ့သည့်လကမှ ပိုးထိပြီး ဆုံးသွားခဲ့သည်။ မိမိတစ်ယောက်တည်း မိသားစုသုံးယောက်၏ ဝန်ကိုထမ်းဖို့ရာက မလွယ်။ အငယ်ကောင်က အိမ်တွင် သည်အတိုင်းပစ်ထားလို့ရသည်ဆိုလျှင် ကိစ္စမရှိ။ ခုတော့ အငယ်ကောင်က နို့စို့အရွယ်လေးမျှသာ ရှိသေးသည်။ ထို့ကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ရာအတွက် မျိုးလွင်ကို ကျောင်းထုတ်မှဖြစ်မည်။ မျိုးလွင်က မန်ကျည်းရွက်ခူးပြီး ငွေရအောင်လုပ်နိုင်သည်။ မနက် မန်ကျည်းရွက်ခူး။ နေ့လယ် ဆူးပုပ်ရွက်နှင့် ခွေးတောက်ရွက်။ ညနေကျတော့ ရွာထဲလှည့်ပြီး ရောင်း။ သည်လိုဆိုလျှင် စားဝတ်နေရေးက ပြေလည်သေးသည်။ ခုတော့ နို့စို့အရွယ်ကလေးငယ် ကြောင့်သာ ဒေါ်လှစိန်အနေဖြင့် မျိုးလွင်ကို ကျောင်းထား ချင်သော်လည်း ဆရာမတွေ ဘယ်လိုပြောပြော မထားဘဲနေခဲ့သည်။ သားသမီးတို့၏ ကောင်းစားရေးကို မည်ကဲ့သို့သော မိဘများက လျစ်လျူရှုထားချင်မည်နည်း။ မလွဲသာ မရှောင်သာကြောင့်သာ လျစ်လျူရှုထားရသည်ကို ဆရာမ များနှင့် မိမိသားလေးကို သိစေချင်မိသည်။ ။

မောင်ချမ်းမွန်
ကြေးမုံသတင်းစာ
2 October 2016