Breaking News

ဓမ္မစေတီမင်းကြီး နှင့် ကလျာဏီသိမ်


ဓမ္မစေတီမင်းကြီး လက်ထက်တော်မှာ ဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွားရေးတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ဘုရားပရိနိဗ္ဗာန်ပြုတော်မူသည့် နောက်မှနှစ်ရာသုံးဆယ့်ခြောက်နှစ်(၂၃၆) အရောက်တွင် သီဟိုဠ်ကျွန်၌ ဒေ၀ါမိယတီမင်း စိုးစံလျှက်ရှိပါတယ်။သာသနာပြု တတိယသင်္ဂါယနာတင် ဘုရင် သီရိဓမ္မာသောကမင်း၏ သားတော်ဖြစ်သော အရှင် မဟိန္ဒိမထေရ်သည် သီဟိုဠ်ကျွန်းသို့ ကြွ၍ သာသနာတော်ကို တည်တံ့စေခဲ့သည်။
  နှစ်(၂၁၈)အတွင် သီဟိုဠ်သာသနာ သန့်ရှင်းစင်ကြယ် ထွန်းလင်းတောက်ပ စည်ပင်သာယာလျက်ရှိပါတယ်။ နောက်နှစ်ကာလ လွန်သောအခါ သီဟိုဠ်ကျွန်းရှိ သံဃာတော်များသည် မဟာဝိဟာရ၀ါသီဂိုဏ်း၊ အဘယဂီရိဝါသီဂိုဏ်း၊ ဇေတ၀န၀ါသီဂိုဏ်း စသည်ဖြင့် ဂိုဏ်း(၃)ဂိုဏ်း ကွဲပြားကြလေတယ်။ ထိုဂိုဏ်းတို့တွင် မဟာဝိဟာရ ၀ါသီဂိုဏ်းသည်သာ စင်စစ်သန့်ရှင်း စင်ကြယ်စွာ တရားအယူ ရှိလေသည်။ သီဟိုဠ်ကျွန်၌ သန့်ရှင်းစင်ကြယ်စွာ ကောင်းသော အကျင့်ကို ကျင့်၍ တရားအယူရှိသော မဟာဝိဟာရ၀ါသီဂိုဏ်း အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာသည် ယနေ့ထက်တိုင် ထင်ရှားရှိသည်။ 
ဓမ္မ‌စေတီမင်းဟာ သက္ကရာဇ် (၈၃၇) ခုနှစ်မှာ အရှင်မောဂ္ဂလန် မထေရ် အစရှိကုန်သော (၂၂)ပါးသော မထေရ်တို့ကို ပင့်ဖိတ်၍ တောင်းပန်လေတော့သည်။ အရှင်ဘုရားတို့ ယခုရာမညတိုင်း၌ ရဟန်း ပဉ္ဇင်းခံအဖြစ်သည် ယုံမှားသံသယ မကင်းရှိခဲ့သည်။ သီဟိုဠ်ကျွန်း၌မူုကား သာသနာတော်တည်သည်မှစ၍ ယနေ့တိုင် သန့်ရှင်းစင်ကြယ်သော မဟာဝိဟာရ၀ါသီဂိုဏ်း သံဃာအနွယ်အဆက်မှ သူတပါး ကဲ့ရဲ့ စွပ်စွဲခြင်းမှ ကင်းသောသောကြောင့် ၎င်းတို့ထံမှာ စင်ကြယ်သော ပဉ္ဇင်းအဖြစ်ကို ခံယူခြင်းတည်းဟူသော ဥပသမ္မဒကံအသစ် ဆောင်ခြင်းငှာ တိုက်တွန်းပါတယ်။ ဆရာတော်တို့လည်း မင်းကြီးလျှောက်တင်ချက်ကို သဘောကျဝမ်းမြောက်တော် မူတာကြောင့် မင်းကြီးရဲ့ အစီအမံဖြင့် ရဟန်း ၂၂ပါး၊ အရံ၂၂ပါး၊ ပေါင်း၄၄ပါးသော ရဟန်းတို့ကို သဘောင်္နှစ်စင်းဖြင့် သီဟိုဠ်ကျွန်းကို စေလွှတ်တော်မူပါတယ်။ 
သီဟိုဠ်ဘုရင်အတွက်လည်း လက်ဆောင်များထည့်ပေးလိုက်ပေးလိုက်ပါတယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ် ရေသပ္ပါယ်ဖူးသော ကလျာဏီမြစ်၌ လှေဖောင်ဖွဲ့၍ လှေဖောင်အထက် ပြသဒ်ဆောက်ပြီးလျှင် ဒုတိယ၀ါဆိုလပြည့်ကျော်(၁၁)ရက်နေ့၌ ရာမညတိုင်းသား တပည့်(၂၂)ပါးနှင့် တကွ မထေရ်(၂၂)ပါးတို့အား ပဉ္ဇင်းခံစေသည်။ မဟာဝိဟာရ၀ါသီ မထေရ်တို့ ရဲ့ အကူအညီနဲ့ ရာမည ရဟန်းတော်များဟာ ဥဒကုက္ခေပ ရေသိမ်မှာ အသစ်တစ်ဖန် ရဟန်းပြန်ခံကြပါတယ်။ 
 ဒိနောက်မှာ သဘောင်္၂စင်းနဲ့ မြန်မာပြည် ပြန်ကြွတော်မူပါတယ်။ ဒါပေမဲ့ လမ်းမှာ သဘောင်္တစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ရဟန်းအချို့ပျံတော်မူခဲ့ရပါတယ်။ ကျန်နေတဲ့ သဘောင်္တစ်စင်းကတော့ သက္ကရာဇ် ( ၈၃၈)ခုနှစ် နတ်တော်လဆန်း(၈)ရက်နေ့မှာ ပြန်လည် ဆိုက်ရောက်လာခဲ့ပါတယ်။ 
သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ 
သာသနာတော် သန့်ရှင်းရေးအတွက် သီဟိုဠ်ပြည်သို့ ဓမ္မစေတီမင်း စေလွှတ်ခဲ့သည့် စိတ္တရဒူတ နှင့် ရာမဒူတ သင်္ဘော ၂ စင်းအနက် တစ်စင်းသာ ဟံသာဝတီသို့ ပြန်လည်ရောက်ခဲ့ပြီး ကမ်းပျောက်နေသည့် ရာမဒူတသင်္ဘောကို ဘေးမသီ ရန်မခ ပြန်ရောက်ရန် ရည်ရွယ်ပြီး ဆွမ်း၊ ပန်းမာလ်၊ သစ်သီဝလံများဖြင့် ပူဇော်ကာ သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲကို သာသနာ သက္ကရာဇ် ၁၀၁၉ -၂၀ ခုနှစ် (အေဒီ ၆၀၆) ခန့်က စတင်ကျင်းပလာခဲ့သည့် ဓလေ့ဟု ဆိုသည်။အခြားအဆိုတစ်ခုမှာတော့ သာသနာသက္ကရာဇ် ၉၅၆ ခု (အေဒီ ၄၁၃) တွင် ပိဋကတ် သုံးပုံနှင့် အဋ္ဌကထာများကို ရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ်ပြည်မှ သုဝဏ္ဏဘူမိ သထုံပြည်သို့ သင်္ဘောဖြင့် ပင့်ဆောင်လာခဲ့သည်ကို အစွဲပြုပြီး တော်သလင်းလပြည့်နေ့တိုင်း သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲကို မွန်လူမျိုးများက အစဉ်အလာတခုအဖြစ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြန်ပါတယ်။
 ပဉ္ဇင်းခံပြီးပြန်လည်ရောက်ရှိလာတဲ့ ရဟန်းတွေမှ ဦးဆောင်ပြီး ရာမညတိုင်းအနှံ့မှာ ကလျာဏီသိမ်တွေ ဆောက်လုပ်ပြီး မြန်မာပြည်မှ ရဟန်းတော်တွေကို သိက္ခာသစ်တင်ပြီး ရဟန်းအဖြစ် ထပ်မံခံယူစေပါတယ်။ ဓမ္မစေတီမင်းကြီး လက်ထက်တော်မှာ ရဟန်းခံယူကြသော ရဟန်းသစ်စာရင်းကိုတွက်ကြည့်တဲ့အခါမှာ ရာမညဒေသရှိ မိမိတို့ရဲ့ ဥပသမ္မကံကို ယုံမှားသံသယရှိတဲ့ ဆရာတော်ကြီးတွေရဲ့ ရဟန်းအသစ်ပြန်ခံယူမှုဟာ အပါး(၈၀၀)ကျော် ရှိခဲ့ပါတယ်။ ဒါအပြင် ပဉ္ဇင်းငယ်များရဲ့ဥပသမ္မကံအသစ်ပြန်လညဆောင်ရွက်မှုဟာ (၁၄၂၆၅)ပါးရှိပါတယ်။ ထို့နောက် သာမဏေများမှ ရဟန်းဘ၀ကူပြောင်းပေးခဲ့မှုဟာ (၆၀၁)ပါးရှိပါတယ်။ ဒါကြောင့် ရဟန်းသံဃာစုစုပေါင်း ၁၅၆၆၆ပါးကို ဥပသမ္မကံဆောင်ပေးနိုင်ခဲ့ပါတယ်။ 
ရာမဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းသည် မြန်မာသက္ကရာဇ်(၈၃၈)ခုနှစ်တွင် ကလျာဏီသိမ်တော်ကြီးကို သမုတ်တော်မူလေသည်။ သီဟိုဠ်ကျွန်း ကလျာဏီမြစ်၌ ရဟန်းခံ၍ ရဟန်းဖြစ်လာသော သံဃာတော်များ သမုတ်ထားသော သိမ်ဖြစ်ခြင်းကြောင့် အားလုံးသော သိမ်တော်တို့ကို ကလျာဏီသိမ်ဟု အမည်သညာ ကမ္ဗည်းစာတန်းထိုးကြလေသည်။ မြန်မာသက္ကရာဇ်(၈၃၈) နတ်တော်လဆန်း(၈)ရက် တနင်္ဂနွေနေ့တွင် သိမ်သမုတ်ပြီးစီးအောင်မြင်ခဲ့သည်။ ဓမ္မစေတီမင်းသည် သာသနာတော် တည်တံ့သန့်ရှင်း စင်ကြယ်စေရေးအတွက် ဟံသာဝတီ မဏ္ဍလ၊ ကုသိ မဏ္ဍလ၊ မုတ္တမ မဏ္ဍလ ဟူသော ရာမညတိုင်း(၃)တိုင်းလုံး၌ သိမ်ပေါင်း (၃၉၇)လုံးကို သိမ်သမုတ်တော်မူခဲ့သည်။ (၃၉၇)လုံးရှိသည့်အနက် မော်လမြိုင်မြို့ ၌ သိမ်(၄)လုံးရှိပါသည်။ ထိုသိမ်တို့မှာ
 (၁) တရုတ်တန်းရပ်ရှိသိမ်
 (၂) အောက်ကျင်းရပ်ရှိသိမ်
 (၃)ဘိုကုန်းရပ်ကွက် သိမ်ကုန်းရှိ သိမ် 
 (၄) ခေါင်းဆေးကျွန်းရှိသိမ်တို့ဖြစ်ကြပါသည်။ 

 ကျမ်းကိုး
 (၁) ကျော်ငြိမ်း(ရှေးဟောင်း)၏ ဓမ္မစေတီမင်းနှင့် ကလျာဏီသိမ် (၂) မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
 (၃) မွန်သတင်း အေဂျင်ဆီ၏ သင်္ဘောဦးဆွမ်းတော်ကြီးတင်ပွဲ
 (၄) နတ်ရွာတပြိုင် မော်လမြိုင် (ရေး-ဦးကြီးစိန်)
 (၅) တိုင်းရင်းသားမွန်လူမျိုးများအကြောင်း ဆောင်းပါးပေါင်းချုပ်မှ တန်ခိုးကြီးဘုရားသမိုင်း

 Source: https://m.facebook.com/mawlamyinearea/