Breaking News

စာဖတ်တိုင်း ပြီးမြောက်တဲ့ဘဝ ရရှိနိုင်ပါသလား 😂

ရွာမှာ စာအရမ်းဖတ်တဲ့ ဦးဇင်းတစ်ပါး ရှိတယ်။ စာမဖတ်တဲ့ သူတွေကိုလည်း စာဖတ်ဖို့  တိုက်တွန်းလေ့ ရှိသတဲ့။ သူ့ အဖေက ရွာမှာ လက်သမားဆရာပေါ့။ တစ်နေ့ သူ အိမ်ပြန်သွားတယ်။

''အဖေ စာဖတ်ဗျာ''

''အလုပ်ကမှ မအားတဲ့ကြားထဲ ဘယ်နှယ့်လုပ် စာဖတ်ခိုင်းနေတာလဲ''


''အဲဒါ စာမဖတ်လို့  အလုပ်မအားတာ''

ဦးဇင်းက အဲလိုပြောတော့ သူ့ အဖေ အနည်းငယ် ဒေါသထွက်သွားတယ်။

''ဘာဆိုင်လို့ လဲ ''

''ဆိုင်တာပေါ့ဗျာ။ စာမဖတ်တော့ အလုပ်ကို ရမ်းသမ်းလုပ်နေရတာလေ။ ဒီတော့ ရှေ့ကို မတိုးတက်ဘူး။ စာဖတ်ရင် တန်းတန်းမတ်မတ် လုပ်လို့ ရပြီ။ တန်းတန်းမတ်မတ်လုပ်နိုင်ရင် အချိန်ပိုထွက်မယ်။ အချိန်ပိုရင် စာဖတ်လို့  ရပြီ''

''ကိုယ်တော် စာဖတ်တိုင်း တိုးတက်တာမဟုတ်ဘူး။ ကိုယ့်တော့်ဘာသာစာဖတ်ပါ။ တပည့်တော်ကို လာမပြောနဲ့''

''အဲဒါပဲ အဲဒါကြောင့်မို့  အဖေတို့  မတိုးတက်တာ''

ဦးဇင်းက စိတ်အချဉ်ပေါက်ပေါက်နဲ့ပြောတော့ သူ့ အဖေခမျာမှာ အီလည်လည်ဖြစ်သွားပုံ ရပါတယ်။ ဒေါသလည်း အနည်းငယ်ထွက်သွားတာနဲ့ အိမ်ထဲ တန်းဝင်သွားတယ်။ ဦးဇင်းထင်တာက စာဖတ်ဖို့  စာအုပ်သွားယူတယ်ပေါ့။ တကယ်တန်းထွက်လာတော့ လက်ထဲမှာ ဒန်အိုး အပေါက်ကြီးနဲ့ စာအုပ်တစ်အုပ်။

သူ့ အဖေက လက်ထဲက ဒန်အိုးအပေါက်နဲ့ စာအုပ်အထူကြီးကို ဦးဇင်းရှေ့ လွတ်ချလိုက်တယ်။ ပြီးတော့ ပါးစပ်ကနေလည်း ပြောလိုက်တော့ ဦးဇင်းမျာ ဘာမှပြန်မပြောနိုင်ပဲ ကျောင်းကိုပဲ ကုတ်ချောင်းချောင်း ပြန်သွားပါတယ်။

''ပြင်စမ်း ဦးဇင်း။ အဲဒီပေါက်နေတဲ့ ဒန်အိုးကို စာအုပ်ဖတ်ပြီး ပြင်စမ်း'' လို့  ပြောပါသတဲ့။

ဝုဒေ သူချပေးလိုက်တာက ဒန်အိုးအပေါက်နဲ့ စွယ်စုံကျော်ထင်ကျမ်း စာအုပ်ကြီးလေ။

 #မောင်ချမ်းမွန်