Breaking News

သေမင်းကြောင့် အိပ်ပျက်ခဲ့သည် (သရော်စာ)

သေရမှာတော့ မကြောက်ပါဘူး။ မကြောက်စေတတ်တဲ့ ကုသိုလ်တွေပြည့်နေလို့ လားဆိုလည်း မဟုတ်ပါဘူး။ ကိုယ့်မှာဆို တခြားသူတွေထက်တောင် အကုသိုလ်က ပိုများသေး။ ဘယ်လောက်များသလဲဆိုရင် သေမင်းကတောင် သတိလာပေးရတဲ့အဖြစ်။ အဲဒီလို သတိလာပေးတာတော့လည်း အရမ်းကြောက်မိတယ်။ ဆောင်းတွင်းချမ်းချမ်းကြီးမှာ ဆီးနှင်းတွေ ဝေ နေအောင်ကျလည်း ချွေးပြန်နေရသလိုမျိုး။ (ရန်ကုန်က ဆောင်းသာပြောတယ်၊ နွေလိုပဲ ခြစ်ခြစ်တောက် ပူလို့ ) အဲသလိုမျိုး ကြောက်တယ်။

ဖြစ်ပုံကတော့ ဂျမ်းပုံက စရမလား? ချစ်ထုံက စရမလား လို့ တောင် မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် သေမင်းဆိုတာက ကိုယ်ထင်ပြပြီး လာသတိပေးသလို ကိုယ်ထင်မပြပဲနဲ့ သတိပေးတာမျိုးလည်း ရှိတာကိုးဗျ။ ကိုယ်ထင်ပြပြီး သတိပေးတယ်ဆိုတာက ခု တွေ့ကြရတဲ့ မသေခင်လေးမှာ အိုကြရတယ်၊ နာကြရတယ်၊ ရောဂါဘယတွေ ဖြစ်ကြရတယ်။ ဒါက သေမင်း ကိုယ်ထင်ပြပြီး လာခေါ်တာ၊ လာသတိပေးတာ။ မသေခင်လေးမှာ ငယ်ငယ်ကလို ပြန်ပြီး နုပျိုရလိမ့်မယ်တော့ မထင်နဲ့။ နုပျိုရင်တောင် ရုပ်က လုံးဝမရတော့ဘူး။ စိတ်ပဲ ရမယ်။ ရတဲ့စိတ်က ဘာဖြစ်လဲ သိလား။ ဟဲ ဟဲ။ အဲဒါကို ''သူငယ်ပြန်တယ်''လို့  ခေါ်တယ်နော်။

ဒီနေ့ကြမှ ထူးထူးဆန်းဆန်း စိတ်တွေကလည်း ဂယောက်ခြောက်ခြားတွေဖြစ်လို့ ။ မျက်လုံးကလည်း သိပ်မကောင်းတော့ မြင်သမျှက ဝေဝေဝါးဝါးပဲ။

'' ဟေ့ကိုယ်တော် ထတော့ဗျ ထတော့''

'' ဟ ဘယ်ကောင်လဲကွ၊ မနက်စောစော ဆူဆူညံညံနဲ့ ''

ကျုပ် ဒေါသ ထွက်သွားတယ်။ ဟုတ်တယ်လေ။ ကျုပ်ကိုများ ရာရာစစ။ ကိုယ်တော်တဲ့။ ကိုယ်တော်ကြီး လို့ သာခေါ်ကြည့် ခြင်ထောင်မခေါက်ပဲ လက်သီးနဲ့ ထထိုးမိမှာအသေအချာပဲ။ ကျုပ်က အဲသလောက်မေတ္တာကြီးတာ။ ဘယ်နှယ့်ဗျာ။ အသက် ၉ နှစ်ကတည်းက ကိုရင်ဝတ်ပြီး ဆင်းဆင်းရဲရဲနေလာခဲ့တာ နာမည်မသိရင်လည်း ''ဦးဇင်း ထတော့''ဆို ရပါတယ်။ ခုတော့ အသက်ကြီးမှဝတ်တဲ့ ရဟန်းတွေကိုခေါ်သလိုမျိုး ကျုပ်ကို ''ကိုယ်တော်''တဲ့။ မကြည်ညိုလည်း ဂရုကိုမစိုက်တာ။ ကျုပ်က အဲသလို ခပ်ချေချေ ဦးဇင်း။

''ဘယ်ကောင်ရမှာလဲ ကိုယ်တော်။ ကျုပ်လေ ကျုပ် ကျုပ်။ သေမင်း။ ကိုယ်တော့်ကို လာခေါ်တာ''

သေမင်းဆိုတော့ ကျုပ်လည်း နည်းနည်းတော့ လန့်သွားတယ်။ ဟုတ် မဟုတ် ခြင်ထောင်ကို အသာလေးမ,ပြီး ခိုးကြည့်လိုက်တယ်။ အံမယ် သေမင်းက ခန့်ချောကြီးဗျ။

'' ချောင်းကြည့်မနေနဲ့ ကိုယ်တော်။ သူများတွေလို ကျုပ်ကို ရုပ်ချောပါတယ် ဘာညာနဲ့ မြှောက်ပင့်ပြောဆိုပြီး သေရက်ကို ရွေ့ဆိုင်းပေးဖို့  တောင်းဆိုချင်နေတာမို့ လား။ မရဘူး မပေးနိုင်ဘူး။ ကျုပ်ရဲ့ မရဏနိုင်ငံက ကိုယ်တော်တို့  မြန်မာနိုင်ငံလို ဥပဒေ လျော့ရဲတာမျိုးမဟုတ်ဘူး''

ရော- - - ဒီသေမင်း တယ် ခက်ပါလား။ ကျုပ်က ဘာမှတောင်မပြောရသေးဘူး။ သူက ကျုပ်ရဲ့ စိတ်အတွေးကို အကုန်သိလို့ ။ ဒါပေမယ့် ကိုယ်တော်လို့  ခေါ်တာကို သိပ် သဘောမကျဘူးဗျာ။

''ဒီမယ် ဦးသေမင်း အဲ ကိုသေမင်း ဟာ ဗျာ။ ခင်ဗျားနာမည်ကလည်း ဦး တပ်ခေါ်လည်း အဆင်မပြေ၊ ကို တပ်ခေါ်လည်း အဆင်မပြေ ''

''ကိုယ်တော်ဘာသာ ကြိုက်သလိုခေါ်။ သေရက်တော့ ရွေ့မပေးနိုင်ဘူး။ ကျုပ်ရဲ့ဥပဒေက ပုဂ္ဂိုလ်ကိုကြည့် ငွေကိုကြည့်ပြီး သရေကွင်းလို ဆွဲဆန့်သလောက် ကျယ်တဲ့ဥပဒေမဟုတ်ဘူး''

''ခင်ဗျားက ဥပဒေအကြောင်း သိပ်ပြောပါလား။ ကျုပ်တို့  နိုင်ငံဥပဒေကို အဲလိုပြောရအောင် ခင်ဗျားက ဘယ်လောက်သိလို့ လဲ''

'' ညှယ် ---- ဟက် ဟက် ''

ကျုပ်က ပြောတော့ သေမင်းက ရယ်တယ်။ သူ့နှုတ်ခမ်းပေါ်က တစ်ချောင်းတည်းသော နှုတ်ခမ်းမွှေးတုတ်တုတ်ရှည်ရှည်ကြီးကို ဇိမ်ပြေနပြေ ဆွဲရင်း ဟက်ဟက်ပက်ပက် ရယ်တယ်။ အသံက ပိန်ညောင် အသံနဲ့။

'' ရယ်မနေနဲ့ဗျာ။ ခင်ဗျားရုပ်က အစကတည်းက မလှပါဘူးဆို။ ခုလိုရယ်တော့ ပိုလီယိုရောဂါသည် စူပါဂလူးနဲ့ အကပ်ခံရတဲ့ရုပ်''

''ငင့် ကိုယ်တော်က အမှန်တိုင်းပြောနေတာ ကျုပ်ကို မကြောက်ဘူးထင်တယ်''

'' ကြောက်စရာလား။ ခင်ဗျားကို ကြောက်ရင် ကျုပ် facebook မသုံးဘူး''

''ဘာဆိုင်လို့ လဲ''

သေမင်းက ကျုပ်ကိုမေးတော့ ကျုပ်က မသိရန်ကော ဆိုတဲ့ အထင်သေးအကြည့်နဲ့ သေမင်းကို ကြည့်လိုက်တယ်။ ဟုတ်တယ်လေ။ ပြောတော့ မြန်မာနိုင်ငံကြောင်း အကုန်သိသတဲ့။ ခုတော့ ဖွဲနဲ့ ဆန်ကွဲ။ တခြားစီ။

''ဆိုင်တာပေါ့ဗျ။ ၆၆/ဃ မပြင်သေးသရွေ့ အမှန်တိုင်းပြောရင် အဖမ်းခံထိမှာပဲ။ facebookပေါ်မှာ အမှန်တိုင်းပြောလို့  ထောင်ထဲရောက်နေတာ ထမင်းထုပ်ဝေတာတောင် မလောက်ဘူး။ ခင်ဗျားကို အမှန်တိုင်းပြောလို့  ကျုပ်သေရင် တခါပဲ။ အဲ ဒီနိုင်ငံမှာ အမှန်တိုင်းပြောလို့  ထောင်ထဲရောက်ရင် ရက်ပေါင်းများစွာ စိတ်ဆင်းရဲခံရမှာ။ စိတ်အဆင်းရဲတော့ မခံနိုင်ဘူးဗျာ။ ပုဂ္ဂိုလ်ရေးအရ ခင်ဗျားကို ဝေဖန်လို့  သေရမယ်ဆို ခုသာ တခါတည်းခေါ်သွား''

''အမ် နေ နေပါဦး ကိုယ်တော်''

ကျုပ်က တခါတည်းပဲ လိုက်တော့မလိုလို ဘာလိုလိုနဲ့ ဘေးက သူများလက်ဆွဲအိတ်ကို ထဆွဲလိုက်တယ်။ ဟုတ်တယ်လေ။ ကျုပ်မှာက ခရီးသွားရင် လက်ဆွဲအိတ်မှ မရှိပဲကိုးဗျ။ ရွာကိုပြန်နေကျ လွယ်အိတ်ကို ဆွဲလိုက်ရင်လည်း သေမင်းက ယုံမှာမဟုတ်ဘူး။ ''ဟန် ကိုယ့်ဖို့ ''ဆိုတဲ့အတိုင်း သူယုံကြည်အောင် သူများလက်ဆွဲအိတ်ကို ထဆွဲရတာပဲ။ ကျုပ် ဟန်ပြလိုက်တယ်ဆိုရင်ပဲ သေမင်းက နည်းနည်း တွေဝေသွားတယ်။

'' ဒါနဲ့ ကိုယ်တော့် ဘွဲ့က ဘယ်လိုခေါ်တာလဲ''

'' ဘာ ''

ဒီတခါ တကယ်ကို ဒေါသထွက်သွားတယ်။ ဟုတ်တယ်ဗျာ။ သတ္တဝါအားလုံးရဲ့ သေစာရင်းကို လက်နဲ့ကိုင်ထားပြီး ကျုပ်ကို နာမည်မသိပဲ လာခေါ်ရတယ်လို့ ။ မှားနေတယ်ဆိုလို့ ကတော့ စိတ်အနှောက်အယှက်ပေးမှုနဲ့ သေမင်းကို တရား ပြန်ဆွဲရမယ်။

'' ဒီ ပ။ စန္ဒာဒီပ''

သေမင်းက အကောင်းစားဘောပင်နဲ့ စာရင်းစာအုပ်ကြီးကို လှန်ရင်း နာမည်တွေ လိုက်စစ်နေတယ်။ အလဲ့။ သေမင်းက ခေတ်မီသဗျ။ ဘောပင် အကောင်းစားနဲ့။ လက်မှာလဲ။ ဟာ ဟာ တွေ့ပြီ။ တွေ့ပါပြီ။

''ဟေ့ သေမင်း။ ခင် ခင်ဗျား လာဘ်စားထားတယ်မို့ လား''

''ဟာဗျာ။ ပေါက်ပေါက်ရှာရှာ။ ကျုပ်က ဘယ်နှယ့် လာဘ်စားရမလဲ။ ဒီမှာ ကိုယ်တော့်နာမည် ရှာမတွေ့ စိတ်ညစ်နေတာ''

''ဘာ လာဘ်မစားရမှာလဲ။ ကြည့်စမ်း။ ဒါ ဘာလဲ ''

ကျုပ်က သူ့လက်မှာဝတ်ထားတဲ့ လက်ပတ်နာရီကို လက်ညှိုးနဲ့ ထိုးပြလိုက်တယ်။ သူက လက်ပတ်နာရီလေးကိုကြည့်ပြီး လက်ရှည်အင်္ကျီကို ဆွဲဆန့်လိုက်တယ်။

''အာ ဒါ ကျုပ်ဘာသာ ဝယ်ထားတဲ့ အပေါစားလက်ပတ်နာရီပါဗျာ။ ကိုယ်တော်လည်း Eleven လို သက်သေမပြနိုင်ပဲ မစွပ်စွဲပါနဲ့''

အံမာ။ သေမင်းကများ ရာရာစစ။ eleven ကိစ္စ သူ ဘာသိတာမှတ်လို့ ။ ဘယ်သူမှန်တယ် မှားတယ်ဆိုတာတောင် ခုထိ ဘယ်သူမှ မသိသေးတာ။ သူက လာပြီး ထောက်ပြနေတယ်။

''ဒါဆို ဒီလက်ပတ်နာရီ ဈေး ဘယ်လောက်ပေးရလဲ''

''သုံးသောင်း''

''ခင်ဗျား လခက''

''နေပါဦး။ ကိုယ်တော်က လဝက,ကလား။ တော်တော်ကို အရစ်ရှည်တယ်။ ကျုပ် လာဘ်မစားဘူးဆို ပြီးတာပဲမို့ လား။ ကျုပ်ကို အထက်အရာရှိက ပေးအပ်လို့  ဒီတာဝန်ရခဲ့တာမဟုတ်ဘူး။ ပြည်သူတွေကပေးလို့ ရခဲ့တာ။ ကျုပ်ကိုချစ်တဲ့ ပြည်သူတွေကို ကျုပ်က ပြန်လှည့်စားပါ့မလား။ စဉ်းစားကြည့်လေ''

သေမင်းက တရစပ်ကို ပြောချသွားတာ။ အလဲ့လဲ့။ သေမင်းမှာ တခြားအရည်အချင်း ရှိမရှိတော့ မသိဘူး။ တော်ကီကတော့ လန်ထွက်နေတာ။ ဒါကြောင့်လည်း ဒီရာထူး ရတာနေမှာပေါ့။ ထားပါတော့လေ။ သူ့ဘာသာ လာဘ်စားစား မစားစား ကိုယ့်ပစ္စည်းတခု ပဲ့ပါသွားတာမှတ်လို့။ စိတ်ကတော့ ''အဲလို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဖာသိဖာသာနေလို့  ဒီနိုင်ငံ မတိုးတက်တာ''လို့  ပြန်ပြောနေပေမယ့် ဆက်ပြီး မပြောချင်တော့ဘူး။ ဟုတ်တယ်လေ။ တချို့က စေတနာကို ဝေဒနာ သိပ်လုပ်တာ။

'' ကဲ ခင်ဗျားကိစ္စ ထားပါ။ ကျုပ်ကို လာခေါ်တာကော ကျုပ် သေရက်က စေ့နေလို့ လား။ နာမည်ကော ရှာတွေ့လား။

''ရှာနေတုန်းပဲ။ စန္ဒာဒီပက နှစ်ယောက်ဖြစ်နေတယ်။ မြို့ရွာ မိဘ loction တွေ အကုန်တူနေတယ်။ ဒါနဲ့ ကိုယ်တော်က KTV တွေ ဘာတွေ သွားလား''

'' ဟယ် ရာရာစစ။ ကျုပ်လိုဘုန်းကြီးက KTV ကို သွားစရာလား''

''ဟာ ဒါဆို မှားပြီ''

''ပြစမ်း ခင်ဗျားစာရင်း''

ကျုပ်က မနေနိုင်တော့တာနဲ့ သူ့စာရင်းကို ဝင်ကြည့်လိုက်တယ်။ ဟာဗျာ မှားလည်း မှားနိုင်လွန်းတယ်။

''ဒီမှာ သေမင်း။ ခင်ဗျား စာကို သေချာဖတ်ပါ။ ခင်ဗျား လူမှားပြီးခေါ်သွားတာ ဘယ်နှယောက်ရှိပြီလဲ။ ခင်ဗျားတို့ လူမှားခေါ်ရင် လူကြီးတွေမို့  ကျုပ်တို့ က ဘာမှလုပ်လို့ မရဘူး။ ဆန္ဒပြလည်း အဖမ်းခံရတယ်။ ကျုပ်တို့ မှားရင်သာ ပြစ်ဒဏ်တွေ အများကြီးပေးတယ်။ ဒါလည်း ခင်ဗျားက အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ရင် ပိုပြီးအပြစ်ပေးတယ်။ အဝတ်အစားသစ်လွင်လေ ပြစ်ဒဏ်လျော့လေပဲ။ ခင်ဗျားမှားတော့ ကျုပ်တို့ က ဘာပြန်လုပ်ရမလဲ''

''ကျုပ် တောင်းပန်ပါတယ်ဗျာ။ ဟို တပည့်တော် အနူးအညွတ် တောင်းပန်ပါတယ်။ တခါတရံမှားတာမို့  ခွင့်လွှတ်ပေးပါ''

အံမာ။ ခုမှ။ စောစောက ကိုယ်တော်တဲ့။ ဘယ်လိုပဲပြောပြော ကိုယ်တော်လို့ ပဲ ခေါ်တယ်။ ခု သူ့အမှားရှိတော့ ကြည့်စမ်း။ ပြောစရာကို မလိုဘူး။ တပည့်တော်လို့  သုံးတာတင်မဟုတ်ဘူး။ ဖင်ထောင်ပြီးတော့တောင် ကန့်တော့လိုက်သေးတယ်။ ဒါပေမယ့်လည်းလေ။ သူမှားမှန်းသိရင်ကို ကျေနပ်ပါတယ်။ တချို့ဆို အမှားသိတာတောင် ဝန်မခံဘူးမို့လား။

'' ထားပါ သေမင်းရယ်။ ကျုပ် ခွင့်လွှတ်ပါတယ်။ ကျုပ်နာမည်နဲ့လာတူတဲ့ မစန္ဒာနဲ့ ကိုဒီပ ကိုပဲ ကျုပ်က အပြစ်တင်ရမလိုဖြစ်နေပြီ။ ဒါနဲ့ ကျုပ်ကို တခုလောက်ကူညီပါလားဗျ။ ကျုပ် ဘယ်နေ့သေမလဲဆိုတာ သိချင်လို့ ။ စာရင်းပြန်ုင်မလား''

ဟင်း ဟင်း။ သိတယ်မို့ လား။ မြန်မာလူမျိုးပဲဟာ။ အခွင့်ရေးရရင် ရတာထက် ပိုလိုချင်တာ။ ဒါက သဘာဝပဲလေ။

'' ဦးဇင်းက ရောဂါ ၆ မျိုးအထိ ရှိတယ်။ သုံးခုက ကြီးမားတယ်။ သေတဲ့အထိ ဆေးသောက်ရမယ်။ ဆေးနေ့တိုင်းသောက်ရင်တောင် အနည်းဆုံး ၇-နှစ်လောက်တော့ နေရမှာပါ။ ဆေးမသောက်ရင်တော့ ၃-နှစ်ဆိုရင် မာလကီးယားပြီ။ တခြား ဘာသိချင်သေးလဲ''

''ရပါပြီလေ။ ဒီလောက်ဆို ကျေနပ်ပါပြီ။ သေမင်းလည်း တရားမစွဲတော့ပါဘူး။ နောက်တခါ စာရင်းသာ သေသေချာချာ မှတ်ထားပါ။ ရတဲ့ လစာကျတော့ အပြည့်အဝယူပြီး အလုပ်ပေါ်လည်း စိတ်ဝင်တစားလုပ်ပါ။ ဒါမှ ရာထူးလည်း တက်လာမယ်''

''တင်ပါ။ ပြဿနာက အဲဒါပဲဘုရား။ ရာထူးကိစ္စပဲ။ လကုန်ခါနီးဆိုတော့ ရာထူးတက်ဖို့  အမှုလိုက်ဖမ်းနေရတာ။ ဖမ်းတယ်ဆိုပေမယ့်လည်း လစဉ်ကြေး မပေးသူကိုပဲ ရွေးဖမ်းရတာ''

''ထားပါလေ ထားပါ။ ဒါ ကျုပ်ကိစ္စ မဟုတ်ပါဘူး။ သေမင်းလည်း ဖမ်းစရာရှိတာ ဖမ်းတော့။ ကဲ ကဲ ကျုပ်လည်း ဆက်အိပ်ဦးမယ်''

ကျုပ် စကားတောင် မဆုံးသေးဘူး သေမင်းခမျာ ခြင်ထောင်ဘေးကနေ လှစ်ခနဲ ပျောက်သွားတယ်။ တော်တော်ကြောက်ချေးပါတဲ့ သေမင်းပဲ။ ဟူး။ အဲဒါပဲ။ သေမင်းဆိုတာ တခါတလေ ထင်ထင်ရှားရှား ကိုယ်ထင်ပြပေါ်လာတယ်။ တခါတလေကျတော့ ကိုယ်ထင်မပြပဲ သတိပေးတတ်ပါတယ်လို့။


မောင်ချမ်းမွန်
ပြည်ချစ်သားဂျာနယ်တွင် ပါရှိသည်။ ၂၀၁၆