Breaking News

၈၄ လမ်းမပေါ်က မန္တလေး

* ၈၄ လမ်းမကြီးက
မန္တလေးမြို့ကြီးကို ဒိုးယို။
တောင်ဘက်တံခါးပေါက်ကနေ
မြောက်ဘက်တံခါးပေါက်အထိ။

* ဘုရားကြီးသွားမလား
ဈေးချိုသွားမလား
နန်းမြို့ရိုးနဲ့ ဦးပိန်တံတားသွားလည်း
ရတယ်။

* ၈၄ လမ်းမကြီးက
မြို့ကြီးတစ်မြို့လိုပဲ
ဘ၀မျိုးစုံနဲ့ လောကမျိုးစုံ ရှိတယ်။
တက္ကစီသမားတွေ
ဆိုက်ကားသမားတွေ
ခရီးသည်ကို လုယက်နေတဲ့
စပယ်ယာသမားတွေ။

* ၈၄ လမ်းမကြီးဟာ
တစ်လမ်းတည်းနဲ့ ရှုပ်ယှက်ခပ်နေတယ်
ဇီးသီးဗန်းမှောက်ကျတဲ့ ဈေးသည်တွေနဲ့
လီဗာမလျော့တဲ့ ဆိုင်ကယ်တွေ။
ကျူးလွန်အပြစ်သားကို
၈၄ လမ်းမပေါ်မှာ တွေ့တယ်။
ပြည်သူချစ်တဲ့ လူထူးလူဆန်းလည်း
၈၄ လမ်းမပေါ်မှာ တွေ့တယ်။

* ၈၄ လမ်းမပေါ်မှာ
ကဗျာဆရာတွေ ယောက်ယက်ခတ်
မီဒီယာသမားတွေ ယောက်ယက်ခတ်
စာရေးဆရာတွေလည်း ခေါက်တုံ့လူးပြန်။

* ကျောင်းချိန်မှာ
ကျောင်းပြင်ပမှာတွေ့ရတဲ့ ကျောင်းသားကို
ကျောင်းပြေးလို့ သတ်မှတ်သလို
၈၄ လမ်းမပေါ်အထိ
ကျူးလွန်တဲ့ ဈေးသည်တွေကို
စည်ပင်ပြေးလို့ သတ်မှတ်တယ်။
၈၄ လမ်းမကြီးမှာ
ပလက်ဖောင်းကျော်ပြီး ဈေးရောင်းသူတွေ ရှိတယ်။

* ၈၄ လမ်းမကြီးက
မန္တလေးမြို့ကြီးရဲ့ အသက်ဖြစ်သလို
မန္တလေးမြို့ကြီးကို သတ်တဲ့နေရာလည်း
ဖြစ်တယ်။

* လမ်းဘေးအမှိုက်ပုံးတွေ ရှိပေမယ့်
၈၄ လမ်းမကြီးမှာ
အမှိုက်ခွံတွေ ဗလပွ။
မဲနက်နေတဲ့ ကတ္တရာပေါ်မှာ
ကွမ်းသွေးတွေ နီရဲနေတော့
မန္တလေးသားတွေ
ကိုယ့်ဘာသာ သတ်သေနေကြတယ်
မန္တလေးမှာ စည်းကမ်းတွေ မှိန်လို့။

* မန္တလေးသားတွေချစ်တဲ့ မန္တလေးဟာ
မန္တလေးသားတွေကြောင့် နာကျင်ရသလို
မန္တလေးသားတွေကြောင့်ပဲ ငိုကြွေးရတယ်။
မန္တလေးကို ဘယ်သူမှမကယ်တင်တော့
၈၄ လမ်းမကြီးဟာ မှိုင်လို့။

* ၈၄လမ်းမပေါ်မှာ
စည်းကမ်းရှိတဲ့လူတွေ သွားလာကြတယ်
စည်းကမ်းမရှိတဲ့လူတွေ သွားလာကြတယ်
၈၄ လမ်းမကြီးဟာ ပြုံးလို့
၈၄ လမ်းမကြီးဟာ မျက်ရည်ကျလို့။

* ၈၄ လမ်းမကြီးဟာ
မန္တလေးမြို့ကြီးရဲ့ အသက်ဖြစ်တယ်။


မောင်ချမ်းမွန်
1.7.2016 သောင်္ကြာနေ့ စံတော်ချိန်သတင်းစာ။