Breaking News

မန္တလေးရဲ့ ထာဝရညကို မီးမောင်းထိုးကြည့်ရာဝယ်

ည။ ညသည် နေရာတိုင်းတွင် တိတ်ဆိတ်နေသည်။ ပုရစ်အော်သံ ပုဇဉ်းရင်ကွဲတို့၏အော်သံဖြင့် ညက ပို၍ သစ်လွင်တောက်ပနေသည်။ ကြယ်ရောင်မှိန်ဖျဖျရှိသော်လည်း ယင်းကြယ်တာရာတို့၏ အလင်းရောင်သည် မန္တလေးမြို့ပေါ်ကို သက်ရောက်မှုမရှိလှပါ။ အခြေခံလူတန်းစားတို့၏ ရပ်ကွက်တွင် လမ်းဘေးမီး တစ်တိုင် နှစ်တိုင်မျှရှိပြီး လမ်းဆုံ လမ်းခွ လမ်းမကြီးဘေးနှင့် စက်ရုံတို့တွင်သာ မီးအလင်းရောင် အနည်းငယ် ရှိသည်။ တစ်နေ့တာပင်ပန်းသမျှ တစ်ညတာအိပ်စက်ခြင်းဖြင့် မိမိ၏၀ပ်ကျင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အနားယူနေသည့်အချိန်ကာလ ဖြစ်သည်။ မြို့၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်က အနားယူအိပ်စက်နေကြပါသော်လည်း ဆူဆူညံညံဖြင့် မြို့၏တိတ်ဆိတ်ငြိမ်သက်မှုကို ညဥ့် (၂)ချက်တီးအချိန်တွင် စတင်ဖြိုခွဲနေသည့် နေရာတစ်ခုလည်း ရှိသည်။ ယင်းဆူညံမှုသည် မြို့ကို အကျည်းတန်အောင် ဖန်တီးသည့်ဆူညံမှု မဟုတ်ပါချေ။ ယင်းဆူညံသံသည် မန္တလေးမြို့ကြီးကို လှပအောင် ဖန်တီးပေးသည့်အရာဟုဆိုက အံ့သြစရာပင် ဖြစ်ပေလိမ့်မည်။

မှန်သည်။ ယင်းဆူညံသံသည် မန္တလေးမြို့ကြီးကို လှပအောင်ဆေးခြယ်ပေးသည့် အရာတစ်ခုဖြစ်သည်။ ယင်းဆူညံသံကြောင့်သာလျှင် မန္တလေးမြို့ကြီးသည် ပို၍ အသက်ရှည်လာသည်ဟု ထင်ရသည်။ ချစ်စရာကောင်းသော နှစ်လိုဖွယ်ရာကောင်းသော ည၏ ဆူညံသံသည် မန္တလေးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဈေးချိုတော်၏ အနီးဝန်းကျင်တွင် ရှိသည်။ ယင်းမန္တလေးမြို့၏ သာယာလှပသော ညတစ်ညနှင့်စပ်လျင်းပြီး ကဗျာဆရာဇော်လင်း(မြို့သာ)က ၂၀၁၆/ဖော်ဖ၀ါရီလ/၁၂ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် 'မန္တလေးမြို့၏ ထာဝရည'ဟု ကဗျာဆန်ဆန် ရေးစပ်ဖော်ကျူးထားသည်။

ကဗျာဆရာဇော်လင်း(မြို့သာ)ကို ငါန်းဇွန်မြို့နယ်၏ တိုက်နယ်မြို့လေးတစ်ခုဖြစ်သည့် မြို့သာမြို့တွင် မွေးဖွားခဲ့ပြီး ယခုအခါ မန္တလေးမြို့ပိုင် ပုသိမ်ကြီးမြို့နယ် ကံကြီးကျေးရွာလေးတွင် နေထိုင်သည်။ မြို့မန္တလေး၏ ထာဝရည ကဗျာကို ဖတ်ရှု၍ ကဗျာဆရာသည် နှလုံးသား နူးညံ့သူ၊ စိတ်သဘော ပြည့်ဝသူ၊ အကောင်းမြင်တတ်သူဟု သုံးသပ်မိသည်။ စိတ်ညစ်ဖွယ်ရာကောင်းသော ညတစ်ညကို ကဗျာဆရာက အမြင်တစ်မျိုးဖြင့် လှပအောင်ဖန်တီးထားသည်။ သူ၏ကဗျာတွင် အပိုဒ်ရေ (၈)ပိုဒ်ရှိသည်။ ယင်းထဲတွင် ပထမပိုဒ်နှင့် ဒုတိယပိုဒ်ကို

* မြို့မန္တလေးရဲ့
ရွှန်းမြမြ ထွန်းပစေတဲ့ ည။
ကြယ်ရောင်စုံ အခင်းအကျင်းသို့
အလင်းပန်း ရှင်းသန့်လေတဲ့ ည။


* မြို့မန္တလေးရဲ့ ညတွေက
ရိုးသားစွာ ဘ၀၀မ်းရေး ဖွေရှာသူတွေအတွက်
ထာဝရလှပ လတ်ဆတ်စေတဲ့ ည
-ဟု ဖွဲ့သီထားသည်။

ကဗျာဆရာသည် ရောင်စုံမီးများဖြင့် အလှဆင်ထားသော မန္တလေးမြို့ကြီးကို တစိမ့်စိမ့်ကြည့်ရှုပြီး ရေးသားထားဟန် တူ၏။ ကဗျာဆရာတို့သည် လူသာမန်တို့ မြင်နိုင်ခဲသော အနုအရွ အလှအပတို့ကို အမြင်သစ်တို့ဖြင့် ကြည့်ရှုတတ်ကြသည်။ ယခု ကဗျာဆရာဇော်လင်း(မြို့သာ)သည်လည်း ထို့အတူပင် ဖြစ်ချေမည်။ အထက်က ကျွန်တော်တင်ပြသည့်အတိုင်းပင်။ မန္တလေးမြို့ကြီးပေါ်ကို ၀ဠာကောင်းကင်မှ ကြယ်တာရာတို့၏အလင်းရောင်ဖြင့် မထိန်လင်းနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ခေတ်မီဆန်းသစ်သော ရောင်စုံမီးတို့ဖြင့် ၀င့်ဝင့်ထည်ထည် တန်ဆာဆင်ထား၍ ကြယ်တာရာတို့၏အလင်းဖြင့် မထိုးဖောက်နိုင်သောကြောင့်ပင်။

သို့ရာတွင် ကဗျာဆရာက ကြယ်ရောင်စုံဖြင့် မန္တလေးမြို့ကြီး ပို၍ လှပနေသည်ဟု ဆိုထားသည်။ ဤသည်မှာ ကဗျာဆရာ၏ သစ်လွင်သော အမြင်တစ်ခုပင်တည်း။ ယင်းအမြင်ကို ကဗျာဆရာသည် မန္တလေးမြို့၏ညများစွာကို ၄င်းကိုယ်တိုင် ပါဝင်လှုပ်ရှားများကြောင့်သာ တွေးမြင်နိုင်သည်ဟု ကျွန်တော်ထင်သည်။ မှန်သည်။ ကဗျာဆရာသည် တစ်ဝမ်းတစ်ခါးနှင့် ခန္ဓာကိုယ်ကြီးရေရှည်တည်မြဲဖို့အတွက် မန္တလေးမြို့၏ညတွင် အလုပ်တစ်ခုခု လုပ်နေရသူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ ကဗျာဆရာက လတ်ဆတ်လှပသော ညတစ်ညကို တွေ့မြင်ခဲ့ဟန် တူ၏။

* လှပတဲ့မြင်ကွင်း
ကုန်သည်ရင်း ဈေးရောင်းကြ(သယ်)
ဘ၀၀မ်းရေး ရှာဖွေ သူတွေအတွက်
မြို့မန္တလေးရဲ့ ရင်ထဲကအလှတရားတွေက
ထာဝရမိခင်မေတ္တာလို လက်ကမ်းကြိုဆိုကာ
ဘ၀သမားများစွာအတွက်
အကြင်နာတွေ ပေးဆပ်ရင်း
မြစ်တစ်ဆင်းပမာ ချစ်ခြင်းအလင်္ကာ
စီးဆင်းဖြာလေသော ည။


ကဗျာဆရာသည် ဈေးသည် ဖြစ်ဟန်တူ၏။ ချွေးတလုံးလုံးဖြင့် ရောင်းသူဝယ်သူတွေ အလုပ်ရှုပ်နေကြသော်လည်း မန္တလေးမြို့ကြီးကတော့ မျက်စိနောက်ဟန် မတူ။ ယင်းဈေးကုန်သည်များကို မန္တလေးမြို့ကြီးက မိမိ၏ရင်မှဖွားသော သားပမာပင် ချစ်ခင်သောသဘောရှိပုံရ၏။ မှန်၏။ မန္တလေးမြို့ကြီးသည် လာပါ လာပါဟု စကားမပြောတတ်သော်လည်း သူ၏ရင်ခွင်တွင် ကောင်းမွန်သောစရိုက်၊ ကြမ်းတမ်းသောစရိုက်၊ ဆိုးရွားသောစရိုက်စသည့် စရိုက်ပေါင်းစုံရှိသည့်သူများကို ကြည်ကြည်ဖြူဖြူ လက်ခံထား၏။ ကောင်းသည့်သူများပင်လာလာ ဆိုးသည့်သူများပင်လာလာ မန္တလေးမြို့သည် အနီအဖြူဟု ခွဲခြားမှုမရှိပေ။ သူ၏ လှပမှုဖြင့် လူသားအားလုံးတို့၏ စိတ်မောပန်းမှုများကို ပြေလျော့ဖို့ရန်ပင် ပြုလုပ်ပေးသေးသည်။ မန္တလေးမြို့သည် အရပ်ရှစ်မျက်နှာမှ လာသောသူအပေါင်းတို့ကို မြစ်ရေ တသွင်သွင်စီးဆင်းနေသကဲ့သို့ လုံခြုံသည့်မေတ္တာကို နေ့နေ့ညည ပေးဆပ်ပေသည်။ သို့ရာတွင် မန္တလေးမြို့တွင် နေသော လူထုသည် မန္တလေးမြို့၏ ကျေးဇူးတရားကို အလိုက်တသိနေရန် လိုအပ်သည်။ မန္တလေးမြို့ကြီးက လူထုကို ကြည်ကြည်ဖြူဖြူ လက်ခံထားသကဲ့သို့ လူထုကလည်း မန္တလေးမြို့ကြီးကို ကျေးဇူးပြန်ပြုရပေမည်။ ဤသည်မှာ သဘာဝပင်တည်း။

* ထာဝရမန္တလေး ညတွေထဲက
လမင်း အလင်းဖြာသလို
ရွှန်းစိုစို ညများစွာတွေက
မြို့မန္တလေးရဲ့ ရင်ထဲကအလှတွေကို
ပိုမို ထင်ဟပ်ပြီး
ထာဝရပေါ်လွင်နေခဲ့တယ်။
ကားကြီးကားငယ် စက်ဘီးဆိုင်ကယ်
အသွယ်သွယ်တွေနဲ့ ၀ယ်ကြ ရောင်းကြ။


* လှပတဲ့ မြင်ကွင်း
မြို့မန္တလေးရဲ့ အလင်းပန်းတွေက
ထာဝရ ရှင်းသန့်ပေလှတယ်။
ဘ၀၀မ်းရေးအတွက်
မြို့မန္တလေးရဲ့ ရင်ခွင်မှာ
ရိုးသားစွာ ရှာဖွေရင်း
စည်ပင်သာယာလေသော မြင်ကွင်းတွေက
မြို့မန္တလေးရဲ့ ချမ်းအေးလွန်းသောညတွေကို
ထွန်းပ ကြည်လင်စေခဲ့တယ်။


မန္တလေးမြို့၏ ည (၂)ချက်တီးခန့်တွင် အရပ်လေးမျက်နှာမှ ဟင်းသီးဟင်းရွက်ကုန်သည်တို့ ရောက်လာကြသည်။ တောင်ပြင်တွင် အမပူရခေါ် တောင်မြို့ဘက်မှလည်းကောင်း၊ မြရည်နန္ဒာ ကျွဲဆည်ကန် သင်ပန်းကုန်းတို့ဘက်မှလည်းကောင်း ပြင်ဦးလွင်လမ်းဘေးမှ အုန်းချော၊ ပုသိမ်ကြီးဘက်မှ ကံကြီးစသည့်ရွာများ၊ မန္တလေး၏မြောက်ဘက်တွင် မတ္တရာနယ်ဘက်ကရွာများတို့မှ လတ်ဆက်သန့်ရှင်းသော ဟင်းသီးဟင်းရွက်များကို ရောင်းဖို့ရာအတွက် ရောက်လာကြသည်။ ည (၂)ချက် (၃)ချက်တွင် ဈေးကားဟု သီးသန့်လိုင်းကားများရှိပြီး အချို့က လိုင်းကားဖြင့် ဈေးချိုတော်ရှိရာကို လာကြသည်။ အချို့ကမူ ဆိုင်ကယ်တို့ဖြင့် အချို့ကလည်း စက်ဘီးဖြင့် မိမိတို့အားသန်ရာဖြင့် ရောက်လာကြသည်။

လတ်ဆက်သော ပရိုတင်းဓာတ် သံဓာတ် ဘီတာမင်ဓာတ်များ ပြည့်ဝသော ဟင်းသီးဟင်းရွက်များကြောင့် မန္တလေးလူထုသည် အသိညာဏ်ကြွယ်ခြင်း ကာယဗလတိုးခြင်းအကျိုးရလာဒ်များကို ခံစားရသည်။ ထို့ကြောင့် ဈေးသည် ကုန်သည်တို့၏ ဆူညံသံသည် မန္တလေးမြို့၏အသက် မန္တလေးမြို့၏ ဆည်းလည်းသံဟု တင်စားချင်သည်။ ကဗျာဆရာသည် ဟင်းသီးဟင်းရွက်ကုန်သည်များ၏ ဆိုင်ကယ် စက်ဘီး ကားတို့ဖြင့် ရောင်းဝယ်ကြသည်ကို နှစ်ခြိုက်ဟန်ရှိ၏။ ဟန်ဆောင်မှုမရှိလှသော ရိုးသားသည့် တောသူတောင်သား ဈေးကုန်သည်တို့ကို မန္တလေးမြို့ကြီးကပင် ကျေးဇူးတင်နေသည့်အလား ပျော်ပျော်ရွှင်ရွှင် ရေးစပ်ထားသည်။ ဤသည်မှာ သာမန်လူတို့ မမြင်နိုင်သော ကဗျာဆရာ၏ အတွေးအမြင်ပင်တည်း။

* အောင်ကျော်ချမ်းအေး မန္တလေး
အုတ်ကျစ်ကျော်အေး မန္တလေး
အင်ကြင်းကြာအုံ ရတနာပုံမန္တလေး
လရောင်ဖွေးဖွေး ညအေးအေးအောက်မှာ
ရောင်စုံ ဥယျာဉ်ကြီးပမာ
မြို့မန္တလေးရဲ့ ညတွေကို
ပိုမိုပြီး လှပစေခဲ့တယ်။


ကဗျာဆရာသည် ကဗျာရေးရင်း မာန်ပါလာသည်။ သူ့ကိုယ်သူ မန္တလေးသားဖြစ်ရသည်ကိုပင် ၀မ်းသာဂုဏ်ယူနေဟန် ရှိ၏။ အောင်ကျော်ချမ်းအေး မန္တလေး၊ အုတ်ကျစ်ကျော်အေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံမန္တလေး-ဟု ရှေးစာဆိုပညာရှိများ စပ်ဆိုထားသည်ကို ကြည်ရှုခြင်းအားဖြင့် မန္တလေးမြို့တည်သည်မှာ ၁၂၂၁-ခုနှစ်ကဆိုလျှင် ယခုမူ နှစ်ပေါင်း (၁၅၇)နှစ်ပင် ရှိခဲ့ချေပြီ။ တည်တံ့ခိုင်မြဲသော မန္တလေးမြို့ကြီးကိုကြည့်၍ လျော့နေသည့်ခွန်အားများကို တိုးပွားလာစေသသည်။ တခါတရံတွင် ထင်ရှားရှိနေသေးသော မန္တလေးနန်းတော်ကြီး၊ မြို့ရိုး၊ ကျုံးတို့ကိုကြည့်ကာ ပုထုဇဉ်လူသားပီပီ ကျိတ်ခဲမနိုင်မှုများ ၀မ်းနည်းမှုများကို အလိုလိုဖြစ်ပေါ်လာစေသည်။ မြန်မာတို့ စည်းကမ်းဖောက်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော မန္တလေးနန်းတော်နှင့် ကျုံးတို့သည် မန္တလေးသားများပါမက မြန်မာလူမျိုးအားလုံးတို့ကိုပင် အပြစ်တင်နေသော သဘောရှိ၏။

မှန်၏။ အကယ်၍သာ မြန်မာတို့ စည်းကမ်းမဖောက်ခဲ့လျှင် ထီးနန်းလည်း ပျောက်စရာအကြောင်း မရှိပါချေ။
မည်သို့ပင်ဆိုရစေကာမူ ကျွန်တော်တို့ ခေတ်လူငယ်တို့သည် ရှေးလူကြီးသူမတို့၏ အနာအဆာများ ကျေနပ်အားရမှုများကို ကြည့်ပြီး သင်္ခန်းစာယူသင့်လေသည်။ သို့မှမဟုတ်လျှင် ကျွန်တော်တို့မန္တလေးမြို့ကြီးလည်း ထပ်မံ၍ ပျောက်ကွယ်နိုင်ပေသည်။ သင်္ခန်းစာယူစရာမရှိ၍ မှားခဲ့သူများကို အပြစ်တင်ဖို့ရာ ခက်ခဲသော်လည်း သင်္ခန်းစာယူစရာရှိပါလျှက်နှင့် ၄င်းအကြောင်းအရာတို့ကို မျက်ကွယ်ပြုကာ စည်းကမ်း၊ ယဉ်ကျေးမှု၊ ရိုးရာတို့ကို မစောင့်စည်းကြပဲ ဖျက်စီးမည်ဆိုပါလေလျှင် ကျွန်ုပ်တို့ထက်မိုက်သောသူတို့ အဘယ်မှာ ရှိအံ့တော့နည်း။

ထိုအခြင်းအရာတို့ကိုတွေးပြီး ကဗျာဆရာက မန္တလေးမြို့ကြီးတည်ခဲ့သည့်အခက်ခဲများကို စာသားတိုတိုဖြင့် ထောက်ပြခဲ့သည်။ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အတူ ယခင်နှင့် ယခုကို တူယှဉ်ပြီး စဉ်းစားစေလိုသော သဘောတရားများ ပါရှိသည်။

* ဈေးသည် ဈေးဝယ်
ဒေသထွက်ကုန် အစုံစုံရယ်နဲ့
ပြေးကြ လွှားကြ အော်ကြ ခေါ်ကြ
ရောင်းကြ ၀ယ်ကြ ။


* မြို့မန္တလေးရဲ့ ညတွေက
ရိုးသားကြိုးစား နိုးကြားသူတွေအတွက်
ဘ၀ရှင်သန် ရပ်တည်ဖို့
မြို့မန္တလေးရဲ့ညတွေကတော့
ထာဝရကြိုဆိုလျှက်ပါ။


ကဗျာဆရာသည် သက်ပြင်းကို အကြိမ်ကြိမ်ချပြီး နိဂုံးပိုဒ်ကို ချလိုက်ဟန်တူ၏။ တချိန်က မန္တလေးသားတို့သည် မန္တလေးမြို့၏ မည်သည့်နေရာပင်ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် အကြောက်အလန့်မရှိ ၀င်ထွက်သွားလာခဲ့ကြပြီး ယခုမူ မိမိတို့ဒေသထွက်ဈေးများကို မိုးမလင်းခင်ကုန်အောင်ရောင်းကာ မြို့အတွင်းက စောစောထွက်ခွာချင်ပုံ ရ၏။ အဘယ့်ကြောင့် နေအထွက်ပင်မစောင့်ပဲ ပြေးပြေးလွှားလွှား ၀ယ်ကြရောင်းကြသနည်း။ မန္တလေးမြို့သည် ၄င်းတို့အတွက် ကြောက်လန့်ဖွယ်ဖြစ်နေ၍လော။ သို့တည်းမဟုတ် မန္တလေးမြို့တွင်း နေထိုင်သူတို့က ၄င်းတို့နှင့် ဘက်မတူ၍လော။ ကြီးမားသည့်မြေယာများ ကြီးကျယ်သည့် အဆောက်အဦးများကြား စိတ်အနေခက်ပြီး နှလုံးသားထဲတွင် တမြေ့မြေ့ခံစားနေရဟန် တူသည်။ ကဗျာဆရာသည် မန္တလေးသားများအဖို့ ညများတွင်သာ ကြိုးစားခွင့်ရသည်ဟု ဆိုချင်သည်လား မသိပေ။

ဤသို့ဆိုလျှင် မန္တလေးမြို့၏ နေ့ခင်းတို့သည် မည်သူပိုင်သနည်းဟုပင် မေးချင်စရာဖြစ်လာသည်။ မည်သို့ပင်ဆိုရစေကာမူ ကဗျာဆရာသည် မန္တလေးမြို့၏ ညတစ်ညကို သူ၏လက်ရှိရပ်တည်မှုဖြင့် အကောင်းမွန်ဆုံး သေသေသပ်သပ် ရေးစပ်သွားသည်ကိုကား ငြင်းဆို၍ မရတော့ချေ။

မောင်ချမ်းမွန်
2016-စံတော်ချိန်နေ့စဉ်သတင်းစာ