ဖမ်းဆုပ်ပြရန်ခက်ခဲသော နေးချားလ် ထရုသ်
ကိုယ်လား
ခုချိန်ထိ မျက်နှာဖုံးတွေကြားမှာ အသက်ရှုဖို့ အားတင်းထားတယ်
လက်က ဖိ ခြေထောက်က နင်းနဲ့
ဘဝတစ်ခုလုံးလဲ ပြားချပ်နေပြီ။
ရိုးတွင်းဆီထိအောင် မြင်အောင်ကြည့်ဖူးသလား
ဖုံးလွှမ်းနေတဲ့စိတ်ဆိုတာ
ပင်လယ်ရှေ့ထိုင်နေလည်း ပင်လယ်ကို မြင်မှာမဟုတ်ဘူး။
ဂေါတမမလုပ်နိုင်တာ ငါလုပ်ပြမယ်
လူတွေက ခေါင်းပါးတဲ့အကျင့်ဆို အထင်ကြီးသတဲ့။
တစ်ယောက်နဲ့တစ်ယောက် ခေါင်းပါးနေတဲ့ ကရုဏာ
မုဒိတာ ဥပေက္ခာ …
ခုတော့
အဲဒီ ဗြဟ္မာစိုရ်တရားခေါင်းပါးတာကို ငါတို့ကများ နှစ်သက်နေသလား။
လီကွမ်ယုက ရီတယ်
ISIS Leader ကလည်း ရီတယ်။
ဘယ်သူတွေက ဘယ်လောက်ရီပြီး
ဘယ်သူတွေက ဘယ်လောက်မောကြမလဲ
မှန်ကန်တဲ့တရား ရှာမတွေ့သရွေ့
ငါတို့ ဒီလို ရီမောနေကြရမှာပဲ
ကွဲပြားတာဆိုလို့ 
ငါတို့ ရဲ့ ရီမောရကြောင်းတခုပဲ လက်ညိုးညွှန်ပြနိုင်တယ်။
ခရီးသွားတုန်း ပင်လယ်ရေသောက်မိသလို
သောက်သလောက်လဲ အငတ်ကိုမပြေနိုင်ဘူး။
ဒီလိုနဲ့
တချို့အရာတွေကို
ငါတို့  လက်ဆုပ်လက်ကိုင်ပြဖို့  ခက်ခဲခဲ့တယ်
မျက်ဝါးထင်ထင်တွေ့ဖို့  ခက်ခဲခဲ့တယ်
ကုသနိုင်ဖို့  ခက်ခဲခဲ့တယ်
ဆေးဝါးပေးဖို့  ခက်ခဲခဲ့တယ်
နေးချားလ် ထရုသ်လည်း
ခက်ခဲတဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။
မောင်ချမ်းမွန် [ ၁၉၉၁ - ၂၀၁၇ - ၅ - ** ]