Breaking News

နှုတ်မဆက်ကြေးပေါ့ မန္တလာ

သူ့ နာမည်က ခိုင်မြင့်ဝေ။ ကျွန်တော်တို့ က သူ့ ကို မောင်ခိုင်ဟုသာ ခေါ်သည်။ အသက် (၃၀)ဝန်းကျင်ခန့် သာရှိသေးသော မောင်ခိုင်သည် သွက်လက်ချက်ချာပြီး မိတ်ဆွေရောင်းရင်းများကိုလည်း ကူညီတတ်သည့် အကျင့်ကောင်းလေးရှိသည်။ အမြဲတမ်းပြုံးနေတတ်သည့် မျက်နှာနှင့် ဟိတ်ဟန်မရှိသောသူ့ ကို လူအများက ချစ်ခင်ကြသည်။ မောင်ခိုင်ကို မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မကျီးကုန်းကျေးရွာလေးတွင် မွေးဖွားခဲ့သည်။ အောက်သက်ကြေသော ဘဝတစ်ခုမှစတင်ခဲ့သောကြောင့် လူအများနှင့် အပေါင်းအသင်းဆန့် ကာ ဖော်ရွေရင်းနှီးစွာ နေတတ်သည်။

လူငယ်ကလောင်သစ်များကို စင်တင်ပြုစုပျိုးထောင်ပေးသော စာနယ်ဇင်းများရှိရာအနက်မှ စံတော်ချိန်နေ့ စဉ် သတင်းစာသည် ကဏ္ဍမျိုးစုံဖြင့် ကလောင်သစ်များမွေးဖွားပေးသည်မှာ အင်အားအကောင်းဆုံးဖြစ်သည်။ ယခု မောင်ခိုင်လည်း စံတော်ချိန်သတင်းစာကပင်လျှင် ပျိုးထောင်ပေးလိုက်သော ကလောင်သစ်တစ်ချောင်း ဖြစ်ပေသည်။ သူ၏ ကလောင်မှာ အညာသား(ငါန်းဇွန်)ပင်။ အညာသား(ငါန်းဇွန်)သည် ကဗျာဆရာပီပီ မည်သည့်ဘက်မှ သာရာသာရာကိုမလိုက်ပဲ တည့်မတ်ဖြောင့်တန်းစွာ ကဗျာများကို စပ်ဆိုခဲ့သည်။ ကဲ့ရဲ့ဝေဖန်စရာရှိလျှင် ကဲ့ရဲ့ဝေဖန်လိုက်သည်။ ချီးမွမ်းစရာတွေ့လျှင်လည်း ချီးမွမ်းခန်းဖွင့်လိုက်သည်။

ငါန်းဇွန်နယ်သားဖြစ်သော်လည်း မန္တလေးမြို့တွင် အနေကြာသောကြောင့် မန္တလေးသွေးများ စီးဆင်းနေသည်လော မသိ။ သူသည် မိမိလူမျိုးကို ချစ်သည်။ မိမိတိုင်းပြည် မိမိရပ်ရွာ မိမိမွေးဖွားရာဒေသကိုလည်း အလွန်တရာ ချစ်မြတ်နိုးဟန် တူ၏။
အညာသား(ငါန်းဇွန်)ရေးသားသော ကဗျာများစွာရှိရာအနက်မှ ကျွန်တော် သတိထားမိသည့်ကဗျာမှာ (၄.၃.၂၀၁၆)သောကြာနေ့ထုတ် စံတော်ချိန်မှာဖော်ပြခဲ့သော ''နှုတ်မဆက်ကြေးပေါ့ မန္တလာ''ဆိုသည့် ကဗျာပင် ဖြစ်သည်။ သူ၏ကဗျာမှာ ပိုဒ်ရေအားဖြင့် လေးပိုဒ်မျှသာရှိပြီး အတွင်းစာသားတို့ မှာ အနှစ်သာရများဖြင့်သာ ပြည့်နှက်နေသည်။ ယင်းထဲတွင် ပထမဦးဆုံးပိုဒ်မှာ

* ဗျာဒိတ်တော် အပေးနဲ့
''အောင်ကျော်ချမ်းအေး''
တို့မန္တလေးကို
သမိုင်းအမွေပေးခဲ့ပြီး
''မင်းတုန်းမင်း''ဘုရင်ကြီးက
နှုတ်ဆက်သွားတယ်
-ဟု စပ်ဆိုထားသည်။

ကဗျာဆရာသည် စကားလုံးတိုတိုဖြင့် မန္တလေးမြို့၏နောက်ကြောင်းရာဇဝင်ကို ထိုးစွပစ်လိုက်သည်။ မှန်၏။ မင်းတုန်းမင်းသည် မန္တလေးရွှေမြို့တော်ကြီးကို ၁၂၁၈-ခုနှစ် တပို့တွဲလမှစ၍ တောများကိုခုတ်ထွင်ရှင်းလင်းပြီး တည်ထောင်တော်မူခဲ့သည်။ ၁၂၂၀-ပြည့်နှစ် ဒုတိယ၀ါဆိုလဆန်း ၆ ရက်နေ့တွင် ရွှေနန်းတော်ကြီးတွင် စံပယ်တော်မူသည်။ ၁၂၂၁-မှသာ ရွှေမြို့တော် စီမံကိန်း ပြီးမြောက်သောကြောင့် ''အောင်ကျော်ချမ်းအေး မန္တလေး''ဟု အဆိုရှိခဲ့၏။ ၁၂၂၁-ခုနှစ်မှာ မန္တလေးမြို့ကြီး စတင်တည်ထောင်သည့် ခုနှစ် မဟုတ်ပေ။ အချို့ကမူ မြို့ကို စတင်တည်ထောင်သည့်နှစ်ဟု မှားယွင်းစွာ မှတ်ထားကြသည်။ ယင်းသို့  မှားယွင်းစွာသိနေကြသော လူငယ်လေးများကို သတိချပ်စေချင်သောကြောင့် ကဗျာဆရာက စပ်ဆိုထားဟန်တူ၏။

အတိတ် နိမိတ် တဘောင်တို့ ကို အထူးယုံကြည်ကြသော မြန်မာလူမျိုးတို့ အနေဖြင့် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဗျာဒိတ်ပေးတော်ခဲ့သော မန္တလေးမြို့ကြီးကို သေချာကျနစွာ ထိမ်းသိမ်းစောင့်ရှောက်စေချင်သည့် ဆန္ဒများကိုလည်း မြင်တွေ့နေရသည်။ မင်းတုန်းမင်းကြီးသည် မန္တလေးမြို့ကြီးကို ကိုယ်တော်တိုင်တည်ထားတော်မူခဲ့သော်လည်း မိမိနတ်ရွာစံသောအခါ ယူဆောင်၍မရသောကြောင့် နှောင်းလူများ၏ ထိန်းသိမ်းစောင့်ရှောက်မှုကို စိုးရွံ့နေဟန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဘဝရှင်မင်းတုန်းမင်းကြီးသည် မန္တလေးမြို့ကြီးကို အသက်တမျှ ချစ်မြတ်နိုးတော်မူသော်လည်း မိမိ၏ ပြည်သူပြည်သားတို့ က မိမိကဲ့သို့  ချစ်ခင်မှုမရှိမည်ကို ကြောက်ရွံ့နေဟန်တူ၏။ မှန်သည်။ မင်းတုန်းမင်းကြီးသည် မန္တလေးမြို့ကြီးကို နှောင်းလူတို့ လက်ထက်ဝယ် ပျောက်ပျက်သွားမည်ကို အထူးစိုးရိမ်နေတော်မူသည်။ ထိုစိုးရိမ်မှုကို မိမိတို့ က ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ပယ်ဖျောက်ပေးရုံသာ။

ကဗျာဆရာသည် ကဗျာရေးရင်းပင်လျှင် ငေးငိုင်နေသော သဘောရှိသည်။ အဘယ့်ကြောင့်ဆိုသော် မန္တလေးအကြောင်း မန္တလေးသမိုင်းစကားကိုပြောလျှင် မဖြစ်မနေပါရှိသည့် ပညာရှင်မင်းသားကြီး တစ်ယောက်ရှိသည်။ ယင်းမှာ ကနောင်မင်းသားကြီးပင်တည်း။ ကဗျာဆရာက ကနောင်မင်းသားကြီးနှင့်စပ်ဟပ်ပြီး ဒုတိယအပိုဒ်ကို အောက်ပါအတိုင်း စပ်ဆိုလိုက်သည်။

* အနောက်ဥရောပကိုတုဖို့
ရေမြုပ်ဗုံးတွေပြုလုပ် တီထွင်
ခံတပ်တွေ ကြိုတင်ကာဆောက်
မြန်မာဆိုတဲ့ အမောက်ကိုပြဖို့
သမိုင်းဒေါက်တိုင်တွေ ပေးပြီး
''ကနောင် မင်းသားကြီးက နှုတ်ဆက်သွားတယ်။


ဤအပိုဒ်ကို လေးတွဲ စွာစပ်ဆိုထားသည့်ပုံနှယ်။ ကဗျာဆရာပြောသလိုပင် ကနောင်မင်းသားကြီးက အနောက်ဥရောပ၏ ထိုးစစ်များကို ကာကွယ်ဖို့ ရာအတွက် စစ်လက်နက်များကို တီထွင်ကြံဆခဲ့သည်။ မန္တလေးမြို့၏ အရှေ့ဘက်တွင်ရှိသော အောင်ပင်လယ်ကန်သည် ကနောင်မင်းသားကြီး၏ ရေမြုပ်ဗုံးစမ်းသပ်ရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ကမ္ဘာမှာမြန်မာဟေ့ဟု ဝံ့ကြွားဖို့ ရာအတွက် ခံတပ်,လက်နက်,ခေတ်မှီကိရိယာများကို တီထွင်နေရင်းပင် အာဏာမက်သည့် အသားလောက်ထွက်များကြောင့် ကနောင်မင်းသားကြီး နတ်ရွာစံခဲ့ရသည်။

အကယ်၍ ကနောင်မင်းသားကြီးသာ ဘေးဥပါဒ်ရန်မရှိပဲ နေထိုင်ခဲ့ရပါမူ ယခုအချိန်တွင် မြန်မာသည် ကမ္ဘာပေါ်တွင် မော်ကြွားနိုင်သည့် နိုင်ငံတစ်ခုဖြစ်နေမည်မှာ မလွဲဧကန်ပေ။ ထို့ အတူ မြန်မာနိုင်ငံတွင်လည်း အင်္ဂလိပ်မျက်နှာဖြူ ဖက်ဆစ်ဂျပန်တို့ လက်အောက်ကို ရောက်စရာအကြောင်းမရှိ။ ယခုမူကား အာဏာမက်သည့် အာဏာရူးများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံအများ၏အလယ်တွင် အားငယ်စွာ ရှင်သန်နေခဲ့ရသည်။ ထိုသည်ကို နာကျည်းသော ကဗျာဆရာက ကနောင်မင်းသားကြီးကို တမ်းတသတိရ၍ ရေးစပ်သည်ဟု တထစ်ချယုံကြည်မိသည်။

* ''ဦးကောင်းလိမ်ထုတ် သီပေါပြုတ်''တဲ့
မြှုပ်မထားသော သမိုင်းကြောင်းထဲ
အမြောက်ပြောင်းတွေ မပစ်ရပါပဲ
သမိုင်းတွင် သူ့ကျွန်ဖြစ်ရပြီး
''သီပေါ မင်းကြီးက နှုတ်ဆက်သွားတယ်။


ကဗျာဆရာက ထပ်မံ၍ တတိယအပိုဒ်ကို ရေးစပ်လိုက်ပြန်သည်။ တတိယအပိုဒ်တွင် သူ၏ ယူကျုံးမရမှုတို့ သည် အတိုင်းသား မြင်နေရသည်။ ရာစုနှစ်တစ်ခုကျော်ခန့် က အောက်မြန်မာပြည်နှင့်တကွ အထက်မြန်မာပြည်တို့  တစုတရုံးတည်း သိမ်းပိုက်ခံခဲ့ရသည်။ မြန်မာနိုင်ငံကြီး သိမ်းပိုက်ခံရသောအခါကမူ ရိုးသားမှုများ လုံးဝမရှိပေ။ သေနတ်တစ်ချက်မျှ မဖောက်ရပါပဲ မြန်မာနိုင်ငံတစ်ခုလုံး သူ့ ကျွန်ဘဝရောက်ခဲ့ရသည်မှာ အသားလောက်ထွက်များ အမျိုးသားရေးသစ္စာဖောက်များ တကိုယ်ကောင်းဆန်သူများ ရှိ၍ဟုသာ သုံးသပ်မိသည်။

အမျိုးသားသစ္စာဖောက်သူများတွင် အချို့က ဝန်ကြီးဦးကောင်းဟု လက်ညှိုးထိုးခဲ့ကြသည်။ အဖွဲ့အစည်းတစ်ခုတွင် အတွင်းရေးသစ္စာဖောက်သူရှိပါက မည်မျှခိုင်မာသည့် အဖွဲ့စည်းဖြစ်နေပါစေ ပြိုကွဲဖို့ ရာအချိန်မကြာတော့ပါချေ။ အတွင်းထဲကစ၍ လှိုက်စားလျှင် ပျက်စီးဖို့ ရာသာ ဖြစ်ချေတော့၏။ ထို့ အတူ မန္တလေးနေပြည်တော်ကြီးတွင် သီပေါမင်းခေတ်အခါ၌ မိမိချမ်းသာဖို့ အတွက် အတ္တကြီးမားသည့်သူများ ပေါများလာခဲ့သည်။ ထိုအထဲတွင် ဝန်ကြီးဦးကောင်းခမျာ အရှိန်အဝါကြောင့် နာမည်ဆိုးကြီးကို လက်ခံရခဲ့ဟန် ရှိ၏။ အချို့ကမူ အမျိုးသားရေးသစ္စာဖောက်ခဲ့သော ဝန်ကြီးဦးကောင်းကို အခဲမကျေနိုင်သောကြောင့် နောင်လာနောက်သားများပါ မှတ်မိစေရန် ''ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်''ဟု စပ်ဆိုထားကြသည်။

ထိုမျှပင် မကသေး။ သီပေါမင်းကြီး နန်းချခံရသော ပါတော်မူနေ့ မှာ ''ဦးကောင်းလိမ်ထုတ်''ဆိုသည့်အတိုင်း ၁၂၄၇-ခုနှစ်ကပင် ဖြစ်လေသည်။ ဤသည်ကိုကြည့်လျှင် သမိုင်းရေးမကောင်းသူသည် လူသေသော်လည်း နာမည်ဆိုးများကျန်ရစ်ကာ လူတိုင်း၏ မျက်မုန်းကျိုးခြင်းကို ခံရသည်မှာ သဘာဝသာတည်း။
ကဗျာဆရာသည် သမိုင်းစာမျက်နှာကို မီးမောင်းထိုးပြပြီးလျှင် လက်ရှိမန္တလေး အခြေအနေနှင့် မန္တလေးသားတို့ ၏ အခြေအနေကို တွဲစပ်ရေးပြသွားသည်။ ဤသည်မှာ နောက်ဆုံးစတုတ္ထပိုဒ်ပင်။ ၄င်းပိုဒ်မှာ

* နှုတ်ဆက်အကြွေးတွေနဲ့
စစ်အေးခေတ်ထဲ ရင်မအေးရပါပဲ
အဖြူကဖိ အမည်းက အိနဲ့
လူမသိ သူမသိ အမျိုခံနေရ
အိမ်ရှင်တွေက ဒဏ်ရာအထပ်ထပ်
မြို့သစ်ဘက်မှာ ကပ်ရပ်လို့
အပြုံးပျက်ကမ္ဘာထဲမှာ
သမိုင်းစာ အလဲလဲအကွဲကွဲဖြစ်
ကျုံးတော်နဲ့ ခွဲခွာသွားပြီး ညိုချောကြီးတွေ
နှုတ်ဆက်သွားမှာစိုးတယ်
-ဟု ဆိုထားသည်။

မန္တလေးမြို့သည် စစ်၏နယ်မြေမဟုတ်။ တိုက်ခိုက်မှုများ မရှိ။ ငြိမ်းချမ်းသည့်နယ်မြေတစ်ခုသာ ဖြစ်သည်။ ယင်းသို့ ဆိုလျှင် ကဗျာဆရာက အဘယ့်ကြောင့် ရင်မအေးရပဲဟု စပ်ဆိုထားပါသနည်း။ မန္တလေးတွင် လက်ဝါးအုပ်မှုများ ရှိနေ၍လော။ သို့ တည်းမဟုတ် တဖြည်းဖြည်း ဝါးမျိုလာသည့်အရာများ ရှိနေ၍လော။ အိမ်ရှင်ဖြစ်သည့် မန္တလေးသား မန္တလေးသူများကကော အဘယ့်ကြောင့် မြို့အလယ်တွင်မနေပဲ မြို့သစ်ကဲ့သို့  မြို့၏အပြင်ဘက်တွင် နေထိုင်ကြသနည်း။ မန္တလေးသားများ မြို့အပြင်မှာနေသည်ဆိုလျှင် မြို့အတွင်းသည် မည်သူများနေထိုင်ကြသနည်း။ ဤသည်မှာ ကျွန်ုပ်တို့  စဉ်းစားစရာဖြစ်ချေ၏။

မန္တလေးမြို့ကြီးသည် သာယာဖွယ်ရာကောင်းသည်။ လှပသစ်လွင်သည်။ ခေတ်နှင့်လျော်ညီ၏။ မြန်မာတို့ ၏ ယဉ်ကျေးမှု၊ မြန်မာတို့ ၏ ဂုဏ်သိက္ခာ၊ မြန်မာတို့ ၏ ရိုးရာတို့ သည် ထိုမန္တလေးတွင် ရှိသည်။ အကယ်၍သာ ကဗျာဆရာစိုးရိမ်သကဲ့သို့  ညိုချောကြီးတွေသာ နန်းမြို့ကို ထပ်မံကျောခိုင်းကြမည်ဆိုလျှင် မန္တလေးမြို့ကြီးသည် သေနတ်မဖောက်ရပဲ ဒုတိယအကြိမ် ဆုံးရှုံးရပေလိမ့်မည်။ ထို့ ကြောင့် ကျွန်ုပ်သည်လည်း ကဗျာဆရာဆုတောင်းသကဲ့သို့ ညိုချောကြီးတွေ နန်းမြို့တော်ကို ခွဲခွါမသွားကြပါနဲ့ဟုသာ ဆုတောင်းလိုက်ရပါတော့သည်။

မောင်ချမ်းမွန်
2016-စံတော်ချိန်နေ့စဉ်သတင်းစာ