Breaking News

မုန်းတီးခြင်းသည်သာ ရောဂါဖြစ်သည်

Xxx မပူပါနဲ့ xxx ဒုက္ခနဲ့ ကြုံတွေ့တဲ့အခါ xxx ရင်ဆိုင်မယ် အားတင်းထားပေါ့ xxx အချစ် အားတင်းပါနော် xxx ဒီအချိန်မှာ ဘယ်သူမှ မင်းဘက် မရှိတဲ့အခါ xxx ကိုယ်တစ်ယောက်တည်းပဲ xxx မင်း သတိရပါ xxx ယုံကြည်အားကိုးလိုက်ပေါ့ အချစ်ရေ xxx အနီးဆုံးလူပါ xxx

''ခွမ်း''

သွန်းနဒီ ဟန်းစက်ကို ကိုင်ပေါက်လိုက်သည်။ ဒီအချိန်တွင် မည်သည့်အသံမှ မကြားချင်။ မကြားချင်ဆိုသည်ထက် လုံးဝကြားချင်သည့် ဆန္ဒမရှိဟုဆိုက ပို၍ မှန်ပေမည်။ ဟုတ်သည်။ လုံးဝ ကြားချင်သည့် ဆန္ဒမရှိ။ မရှိတော့။

နားလည်မှုသည် လူသားတစ်ဦးနှင့်တစ်ဦးတို့၏ အဓိကယုံကြည်မှု ဖြစ်သည်။ နားလည်မှု လွဲချော်သော၊ နားလည်မှု ကင်းမဲ့သော ဆက်ဆံရေးသည် ရေရှည်တည်တန့်ဖို့ရာအတွက် အထောက်အကူ မပြုသည့်အပြင် ယုံကြည်မှုကိုပင် ပျက်ပြားစေနိုင်သည်။ နားလည်မှု။ ယင်း နားလည်မှုဆိုသည့်စကားလုံးကို သွန်းနဒီ ဟားတိုက်ရယ်မောပစ်လိုက်ချင်သည်။ ဖြစ်နိုင်လျှင် မည်သည့်ပုဂ္ဂိုလ်နှင့်မျှ ဆက်ဆံရေး မလုပ်ချင်တော့။ လူသားတို့သည် ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ နားလည်မှုကို တတိတိနှင့် ပွန်းပဲ့အောင် ပြုလုပ်တတ်ကြသည်။ ထိုအထဲတွင်-----

သွန်းနဒီ အံကို ခပ်တင်းတင်းကြိတ်လိုက်ပြီး ခေါင်းကို ခါရမ်းပစ်လိုက်သည်။ ဆုပ်ထားသည့် လက်သီးဖြင့် စားပွဲပေါ်တွင်ရှိနေသော နာရီကို တွန်းထုတ်လိုက်၏။ ပြူတင်းပေါက်မှတိုးဝင်လာသော လေကြောင့် သွန်းနဒီ ကျောပြင်စိမ့်ခနဲအေးအောင် ခံစားလိုက်ရသည်။ တသုန်သုန်တိုက်ခတ်နေသော လေနှင့် အိမ်ရှေ့က အုန်းလက်တို့၏ ပွတ်တိုက်သံက တကျိကျိ ကြားနေရသည်။ မိုးသည် မိုးခြိမ်းသံမပေးဘဲ လျှက်တစ်ပြက် ရွာချလိုက်၏။ လေနှင့်အတူ မိုးရေစက်အမှုန်လေးများ အခန်းတွင်းသို့ ပြေးဝင်လာကာ သွန်းနဒီ၏ကျောပြင်ကို ခိုသီနေကြသည်။ သည်မိုးကို သွန်းနဒီ မုန်းသည်။ မုန်းတာမှ ရက်ရက်စက်စက်ကို မုန်းသည်။ မှန်သည်။ မုန်း၏။ မိုးကို သွန်းနဒီ မုန်း၏။
                                     ------------------------------------------
''ဒါဆို မိုးက အပြီးပြန်လာတာပေါ့နော်''

သူမ စကားသံက လေအောက်ကဖြစ်သောကြောင့် မိုးဝသန်၏နားတွင် သဲ့သဲ့သာ ကြားရသည်။ တဟူးဟူး တိုက်ခတ်နေသော လေနှင့်အတူ ထီးပွင့်ကန်အတွင်းရှိ ကြာဖူး ကြာပွင့်တို့ကလည်း ယိမ်းနွဲ့စွာ ကခုန်ကြသည့်နှယ်။ အော် မွေးရပ်ဌာနေကို ပြန်ရောက်လာခဲ့ပြီပေါ့လေ။

''ဟူး ''

မိုးဝသန်က လေအပူကို မှုတ်ထုတ်လိုက်ပြီး လေကောင်းလေသန့်ကို တ၀ကြီး ရှိုက်ရှုလိုက်သည်။ မွေးဌာနေ၏ရနံ့က သူ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ပြည်မကြီးကဲ့သို့ နွေးထွေးလျှက်ပင်။ သို့ရာတွင် မွေးဌာနေက ပြည်မကြီးထက် ပို၍ အေးမြသည်။ သန့်ရှင်းလတ်ဆက်သော လေကလည်း သူ့ကို ခွန်အားများ ဖြစ်စေသည်။ သူ ရောက်ရှိနေသည့် နေရာက သမိုင်းဝင် ထီးပွင့်ကန်ပင်။ ထီးပွင့်ကန်သည် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းမှာ တည်ရှိ၏။ အလျား ၂၂၇ ပေ၊ အနံ ၁၁၅ ရှိသော ထီးပွင့်ကန်သည် မီးတောင်ဟောင်းတစ်ခု၏ ထိပ်ဝဖြစ်ပြီး ဒွေးမယ်နော် ကိန္နရီညီမ ခုနှစ်ဖော်တို့ ရေကစားရာ ရေကန်လည်း ဖြစ်သည်။ ထီးပွင့်ကန်၏ဘေးတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကန်ခုနှစ်ဆင့်လည်း တည်ရှိသေး၏။ ယခင်ကမူ ဆက်သွယ်ရေးအခက်ခဲကြောင့် လေ့လာအပန်းဖြေသူများ နည်းပါးသော်လည်း ယခုအခါတွင် ကတ္တရာလမ်းမကြီးများ ဖောက်လုပ်ပြီးစီးပြီဖြစ်သောကြောင့် လာရောက်လေ့လာသူ အပန်းဖြေ ခရီးထွက်သူများ ပိုမိုစည်ကားလျှက်ရှိသည်။

ထီးပွင့်ကန်၏ ဘေးတွင် ဆယ့်နှစ်ရာသီလုံး အလိုအလျောက်ပေါ်ထွက်လျှက်ရှိသော သစ္စာရေကန်သည် ထီးပွင့်ကန်ကျေးရွာအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေးကို ဖူလုံလောက်ငှစွာ ရရှိသည်။ သစ္စာကန်။ မှန်သည်။ သည်သစ္စာကန်တွင် ရှေးယခင်က ဒွေးမယ်နော်နှင့် သုဓနုမင်းသားတို့ သစ္စာ ဆိုခဲ့ဖူးကြသည်။ ထို့အတူ မိုးဝသန်နှင့် သွန်းနဒီတို့လည်း သစ္စာဆိုခဲ့ဖူးလေသည်။

''ဘာလဲ ကိုယ်ပြန်လာတာ သွန်းက မနှစ်မြို့ဘူးလား''

''ကိုကိုနော် ကိုကို့စကားက အနှောင့်အသွားမလွတ်ဘူး၊ ကိုယ့်ချစ်သူပြန်လာတာ ဘယ်သူက မနှစ်မြို့ပဲ ရှိပါ့မလဲ''
 
''ရှိတဲ့သူလည်း ရှိချင်ရှိမှာပေါ့၊ ကိုကိုမှ မသိတာ ''

မိုးဝသန် ဘာကို ရည်ညွှန်းသည်ဆိုတာ သွန်းနဒီ သိသည်။ မင်းဘူးမြို့လေးမှာ မိုးဝသန်က ကျောင်းဆရာတာဝန်ကျတော့ သွန်းနဒီနဲ့ ဝေးခဲ့ရသည်။ သို့ရာတွင် ခေတ်မီတိုးတက်သော အချိန်အခါ ဖြစ်သည်နှင့်အညီ မိုးဝသန်နှင့် သွန်းနဒီတို့ ညတိုင်း မိုက်ခရိုဖုန်းဖြင့် စကားပြောကြရသောကြောင့် ဝေးသည်ဟုတော့ မဆိုသာ။ ချစ်သူလွမ်းချင်း ဌာနေလွမ်းချင်း စသည်တို့ကိုလည်း စကားလုံးအနုအရွတို့ အသွင်ပြောင်းပြီး facebook tiwtter တို့အပေါ်တွင် အပြိုင်တင်ခဲ့ကြသည်။ စာ နယ် ဇင်းတို့တွင်လည်း ပေးပို့ခဲ့ကြပြီး ရံဖန်ရံခါ ရွေးချယ်ခံခဲ့ရသည်။ သွန်းနဒီက မိုးဝသန်ထက်ပင် ကလောင်ထက်သည်။

Rainbow Magazin တို့တွင် ဦးစားပေးစာမူအထဲပင် ပါလာခဲ့သည်။ သို့ရာတွင်မူ သွန်းနဒီရေးသော စာပေအများစုက LGBTIQ အကျိုးပြုစာပေများ ဖြစ်နေခြင်းပင်။ LGBTIQ ဆိုသည်မှာ L = Lesbian, G = Gay, B = Bisexual, T = Transgender, I = Intersex, Q = Queer ဖြစ်သည်။

''ကိုကို့ကို သွန်း ရှင်းပြပြီးပြီပဲ၊ သွန်း ဒီစာတွေရေးတယ်ဆိုတာ သူတို့လေးတွေကလည်း လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံဖို့၊ ပြီးတော့ သူတို့ရဲ့အချစ်ကိုလည်း ယုံကြည်ဖို့ပါ''

''ကိုကို သိပါတယ် သွန်း၊ ဒါပေမယ့် သွန်းကိုယ်တိုင် ဒီစာတွေရေးပြီး ---''

''ကိုကို့စကားတွေက သိပ်ကို စွပ်စွဲရာကြတယ်၊ ငါးဖမ်းပိုက်ကွန်ဟာ ငါးပေါင်းမြောက်မြားစွာ ဖမ်းနိုင်ပေမယ့် အဲဒီငါးပိုက်ကွန်က ငါးကို ပြန်မစားတတ်ဘူး ကိုကို''

''ဒါတွေ ကိုကို နားလည်ပါတယ် သွန်းရယ်၊ ကိုကိုက သူတို့ကို မုန်းလို့ပြောတာမဟုတ်ပါဘူး''

''သွန်း သိပါတယ်ကိုကို၊ ကိုကိုက သူတို့ကို မုန်းတာမဟုတ်ပါဘူး ရွံတာမဟုတ်လား''

'' အို သွန်းရယ် ဒီလို မပြောပါနဲ့၊ ကိုကိုက ---''

''တော်ပါတော့ ကိုကိုရယ်၊ ကမ္ဘာပေါ်မှာ HOMO ပေါင်း များစွာ ရှိပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ပြောင်းလဲမှု လက်မခံနိုင်လို့ အမျိုးမျိုးဝေဖန်တာကို ခံစားနေရတဲ့သူလေးတွေပါ။ လူအများကြားမှာ သွားလာလှုပ်ရှားတော့လည်း တစ်ယောက်တစ်မျိုး လှောင်ပြောင်နေကြတာကြောင့် လမ်းပေါ်တောင် ရဲရဲဝင့်ဝင့် မလျှောက်ရဲကြတဲ့ သူလေးတွေပါ။ သူတို့လည်း လူတွေပဲ။ လူသားတိုင်းဟာ သူတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အချစ်ကနေ စတင်ပေါက်ဖွားကြသူတွေပါ။ အချစ်မရှိတဲ့ လူသားဟာ ဘုရား ရဟန္တာပဲ ဖြစ်တယ်ကိုကို။ ပုထုဇဉ် လူသားတိုင်း အချစ်နဲ့မကင်းကြတော့ ခု ကိုကိုတို့ ရွံတယ်ဆိုတဲ့ --''

''ကိုကို ရွံတယ်လို့ မပြောမိပါလား သွန်း''

ကန်ရေပြင်က ခပ်ဖြူးဖြူး တိုက်ခတ်သောလေကြောင့် လှိုင်းအနည်းငယ် ထသွားသည်။ တောင်ဘက် ကန်ဘောင်ဘေးတွင် အမှတ်တရ ဓာတ်ပုံနေကြသော သြစရီးယန်းလူမျိုး သုံးယောက်၏အသံက ခပ်သဲ့သဲ့ ကြားနေရသည်။ ဘေးဘီတွင်မူ တခြားအရာများ မရှိချေ။ သြော် ရေစီးသံလည်း ခပ်သဲ့သဲ့ပင် မကြားရချေ။

''ထားပါ ကိုကို၊ သွန်း ပြောချင်တာက သူတို့လည်း ချစ်တတ်ကြတာပါပဲ။ သူတို့လေးတွေက လိင်တူချင်းချစ်ပြီး သဘာဝတရားရဲ့အပြင်ဘက်ကိုရောက်နေလို့ ကိုကို လှောင်ပြောင်ချင်ရင် လှောင်ပြောင်ပါ ကိုကို။ ဒါပေမယ့် သူတို့ရဲ့ ချစ်ခြင်းတရားက ယောက်ျား မိန်းမချစ်တဲ့ အချစ်တဲ့ ခိုင်မြဲတယ်၊ သစ္စာရှိတယ်၊ မျှတတယ်''

''သွန်းရယ် ဒါတွေ ကိုကို လက်ခံပါတယ်။ ဒါပေမယ့် သူတို့ကို ဆန့်ကျင်နေတဲ့လူတွေ အများကြီးရှိနေတယ်၊ ကိုကို ပြောချင်တာက သွန်း သူတို့အတွက်စာရေးတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် တဖက်တည်း မရေးပါနဲ့။ လူတွေက သွန်းကို''

''ဘယ်လိုပဲ ထင်ထင်ပေါ့ ကိုကိုရယ်၊ ဒါတွေ သွန်း ဂရုစိုက်ရမလား။ အဲဒီ ဝေဖန်မှုတွေကို ကြောက်ရွံနေမယ်ဆိုရင် ဒီလိုအချိန်မှာ သွန်းဆိုတာ မရှိနိုင်တော့ဘူး''

'' ဘယ်ဂျီယံနိုင်ငံ ဘရူးဆေးစ်မြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီး အန်ဒရေဂျိုးဇက်လေအိုနာဒ် က HOMOPHOBIA ဆိုပြီး ဆန္ဒပြတာ မှတ်မိသေးလား သွန်း''

''သိပ်မှတ်မိတာတော့ ကိုကို။ အဲဒီပွဲမှာ HOMO တွေ အပြင်းအထန်ကန့်ကွက်ကြသေးတယ်မို့လား၊ အဲဒီအချိန်က ခရစ်ယာန်ဘုန်းတော်ကြီးကို ချီးမွမ်းထောပနာပြုကြပေမယ့် တစ်ကမ္ဘာလုံးက HOMO တွေကို သတိထားမိသွားတာ သူတို့လေးတွေအတွက် အမြတ်ပဲလေ။ ဒါတင်မကဘူး ကိုကို။ အမေရိကန်သမ္မတ ဘားရက်အိုဘားဟာ လိင်တူချစ်သူများ တန်းတူညီမျှ ခံစားခွင့် ဆောင်ရွက်မယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ ပြီးတော့ ၂၀၀၈ ခုနှစ်က ကယ်လီဖိုးနီးယားမှာ လိင်တူချင်းသာလက်ထပ်ခွင့်ကို တားမြစ်တဲ့ ဥပဒေတစ်ရပ် ပြည်နယ်အဆင့်မှာ ပြဋ္ဌာန်းခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ လိင်တူချစ်သူတွေက ဒီဥပဒေဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး တရားဆွဲဆိုလို့ ပြည်နယ်အဆင့် တရားရုံးတော် STATE LOWER COURT မှာ ဆုံးဖြတ်ချက် ချခဲ့တယ်။ လိင်တူချစ်သူတွေ အနိုင်ရသွားတာပေါ့။ အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယားပြည်နယ်အပါအ၀င် ပြည်နယ် (၁၃) ပြည်နယ်မှာ လိင်တူချစ်သူတွေ လက်ထပ်ထိမ်းမြားပြုခွင့် တရားဝင် ရရှိခဲ့တယ်''

သွန်းနဒီက စကားကို အရှည်ကြီးပြောပြီး ခဏနားလိုက်သည်။ ပြီးနောက် လေကို တ၀ကြီးရှုရှိုက်ကာ ဆက်လက်ပြောပြန်သည်။

''သွန်းတို့နိုင်ငံမှာလည်း နိုင်ငံတော်တော်များများ နှစ်စဉ်ကျင်းပတဲ့ International Day Against Homophobia (IDAHO) နေ့ကို ပထမဆုံးအကြိမ် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကျောက်ပန်းတောင်မြို့တွေမှာ ကျင်းပခဲ့ကြတယ်။ ဦးစီးတဲ့အဖွဲ့က Burmese's Lesbian, Gay, Bisexual and Transgender (LGBT) အဖွဲ့ပဲ။ ရန်ကုန်မှာတော့ Excel Tower (10th Floor,Shwegondai) မှာ ပရိသတ် ၃၀၀ နီးပါးနဲ့ ကျင်းပခဲ့တာ။ လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ကြောက်ရွံမုန်းတီးခြင်း ဆန့်ကျင်တဲ့နေ့အတွက် ဆောင်ပုဒ်ကတော့ `လိင်တူဆက်ဆံခြင်းသည် ရောဂါမဟုတ်၊ မုန်းတီးခြင်းသာ ရောဂါဖြစ်သည်´တဲ့။ ကျင်းပရတဲ့ ရည်ရွယ်ချက်က လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးခြင်းနဲ့ အကြမ်းဖက်များ ပပျောက်ရေးပဲ၊ လိင်တူချစ်သူတွေဟာ နှစ်ပေါင်းများစွာကတည်းက မိသားစုတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကျန်းမာရေးပညာရှင်တွေ၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးရဲ့ မတရားပြောဆို ပစ်ပယ်မှုတွေခံစားလာခဲ့ရတာ အခုချိန်ထိပဲလို့ ပြောရမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (World Health Organization-WHO)က လိင်တူဆက်ဆံခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါစာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ အဲဒီပယ်ဖျက်ခဲ့တဲ့ ၁၉၉၀ ခုနှစ် မေလ ၁၇ ရက်နေ့ကို IDAHO နေ့လို့သတ်မှတ်ပြီး ကျင်းပလာခဲ့တာပဲ''

တသုန်သုန်တိုက်ခတ်နေသော လေက အနည်းငယ် ကြမ်းလာသည် ထင်၏။ ကန်ရေပြင်တွင် လှိုင်းအနည်းငယ်ပင် ပေါ်ပေါက်လာသည်။ ရေဘောင်ဘင်ခတ်သံက လွဲ၍ မည်သည့်အသံမှ မကြားရချေ။ တိတ်ဆိတ်ငြိမ်သက်ခြင်းသည် အေးချမ်းမှုကို ပြိုကွဲစေတတ်သည်။ ပြိုကွဲတတ်သောတရားသည် မည်မျှအထိ ပြိုကွဲမည်နည်း။ လေအလူးတွင် သွန်းနဒီ၏ ဆံနွယ်များ လွင့်ပျံနေသည်။ နဖူးပေါ် တွဲလျားကျနေသော ဆံပင်ကို သွန်းနဒီက ဘယ်လက်ဖြင့် ပင့်သပ်တင်လိုက်သည်။

''သွန်းလည်း သူတို့ကို လူထုကြားမှာ နေသားကျစေချင်တယ်။ တခြားလူတွေလို သက်သောင့်သက်သာနဲ့ သွားလာလှုပ်ရှားစေချင်တယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိပြီး တိုးတက်ကြီးပွားစေချင်တယ်။ ဒါကြောင့် သွန်း သူတို့အတွက် စာပေတွေရေးခဲ့တာ။ ကိုကို ထင်သလို သွန်း Gay Sexy တွေ ရေးနေတာမဟုတ်ဘူး''

သွန်း၏စကားကြောင့် မိုးဝသန် ထောင်းခနဲ ဒေါသထွက်သွားသည်။ ကိုယ်စိုးရိမ်လို့ ပြောခဲ့သမျှ ခုတော့ ကိုယ်ကပဲ လွန်နေသည်တဲ့လေ။

''အဲဒီလိုမပြောပါနဲ့ သွန်း။ ကိုကို သွန်းကို ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် တခါတလေမှာ သွန်း လိုင်းပေါ်ရှိနေရဲ့သားနဲ့ ကိုကို့ကျတော့ ပစ်ထားပြီး အဲဒီလူတွေကိုတော့ ဂရုစိုက်တယ်ပေါ့လေ။ ပွင့်ပွင့်လင်းလင်း ပြောပါ သွန်း။ သွန်း သူတို့နဲ့ ကိုကို့ကို ဘယ်သူ့ရွေးချယ်မလဲ''

'' မရွေးချယ်ခိုင်းသင့်တာ ကိုကို မခိုင်းပါနဲ့။ သွန်း မဖြေချင်ဘူး''

''ဘာ မရွေးချယ်ခိုင်းသင့်ဘူး ဟုတ်လား။ ဒါဆို သွန်းက ကိုကို့ကို စွန့်ပစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့''

''သွန်းပြောတဲ့အထဲမှာ အဲဒီ သဘောမျိုးတွေ မပါပါဘူး ကိုကို၊ ကိုကိုသာ အတ္တကြီးပြီး သွန်းကို အခြေအမြစ်မရှိပဲ စွပ်စွဲနေတာ''

''အခြေအမြစ်မရှိပဲ စွပ်စွဲတယ် ဟုတ်လား။ ကိုကိုက အတ္တကြီးတယ်။ အေး အဲဒီ အတ္တကြီးတယ်ဆိုတာ သွန်းကို ချစ်လို့။ သွန်းကို မချစ်ဘူးဆိုရင် ကိုကို သွန်းကို လှည့်တောင် မကြည့်ဘူး''

မိုးဝသန်၏ စကားအဆုံးတွင် သွန်းက မျက်နှာမဲ့ကာ တစ်ဘက်ကိုလှည့်လိုက်သည်။

''သွန်း တစ်ခုခု ရွေးချယ်ပါ။ ကိုကို အဖြေ ပြတ်ပြတ်သားသား သိချင်တယ် ''

''သွန်း သူတို့ကို တိုးတက်စေချင်တယ်''

''ဒါဆို သွန်း''

မိုးဝသန် ဒေါသတကြီးဖြင့် ကန်ဘောင်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ ကန်ဘောင်၏ အနားစများ ဖွာလန်ကျဲသွားပြီး သူ၏ခြေသည်းနှစ်ချောင်းလည်း သွေးများ စီးကျလာသည်။

''အာ တောက်''

'' မုန်းတယ်။ မင်းကို မုန်းတယ်။ အေး မင်းချစ်တဲ့ အဲဒီ အခြောက်တွေနဲ့ပဲနေ။ ငါ့ဆီ လုံးဝ မလာနဲ့''

မိုးဝသန်က ပြောပြီး ချာကနဲ လှည့်ထွက်သွားသည်။ သွန်းနဒီမှာမူ စီးကျလာသော မျက်ရည်ကို လက်ဖ၀ါးဖြင့် သုတ်လိုက်ပြီး အသံမထွက်အောင် ရှိုက်လိုက်သည်။

'' အော် ကိုကိုရယ်၊ ကိုကိုပြောတော့ သွန်းကို ချစ်တယ်ဆို။ သွန်း ဘာပဲ လုပ်လုပ် တင့်တယ်တယ်ဆို။ ကျောင်းဆရာဖြစ်တဲ့ ကိုကိုက လူသားအချင်းချင်းတောင် မစာနာနိုင်ဘူးလား ကိုကိုရယ်။ ကိုကို့တပည့်တွေကို ကိုကို ဘယ်လိုသင်ပြမလဲ။ ကိုကိုကိုယ်တိုင်တောင် နားမလည်မှုမရှိတာ တခြား ကိုကို့တပည့်တွေကို ဘယ်လို စာနာနားလည်ခိုင်းမလဲ။ အဲဒါပြောတာပေါ့ ကိုကိုရယ်။ မိန်းမ ယောက်ျားတွေရဲ့အချစ်က အဲဒီလိုအယူအဆလေးနဲ့ ရန်ခဏခဏ ဖြစ်ရပြီး သူတို့တွေရဲ့ အချစ်က မိန်းမ ယောက်ျားအချစ်ထက် သစ္စာရှိတယ်ဆိုတာ ကိုကို မသိတာလားကိုကိုရယ်''

သွန်းနဒီ ပါးစပ်ဖျားက မပြောဖြစ်သော စကားတွေကို စိတ်ထဲကနေ ပြောနေသည်။ ထီးပွင့်ကန်ဘေးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသော မိုးဝသန်ကိုကြည့်ကာ သွန်းနဒီ ကြိတ်ခဲမရဖြစ်နေသည်။ သစ္စာရေကန်သည် ဒွေးမယ်နော်နှင့် သုဓနုမင်းသားအတွက် သစ္စာမတည်သောဖြစ်ရပ်အတိုင်း မိုးဝသန်နှင့် သွန်းနဒီအတွက်လည်း မည်မျှပင်သစ္စာဆိုဆို ပြည့်ဝနိုင်တော့မည်မထင်။ မထင်ပါချေ။
                                                   --------------------------------
'' ၀ုန်း ''

သွန်းနဒီ ပြူတင်းပေါက်ကို ဆွဲပိတ်လိုက်သည်။ မိမိကိုယ်ခန္ဓာကို လာရောက်တွယ်ကပ်နေသော မိုးရေစက်များကို စောင်ဖြင့် တရကြမ်း သုတ်လိုက်သည်။ မိုးကို မုန်းသည်။ သည်မိုးကို မုန်းသည်။ သစ္စာမရှိသော၊ စာနာမှုမရှိသော၊ နားလည်မှုမရှိသော၊ ယုံကြည်မှုမရှိသော ချစ်သူကို ပိုမုန်းသည်။ ဟုတ်သည်။ လိင်တူချစ်သူများကဲ့သို့ပင် မြဲမြံမှုမရှိသော ချစ်သူ၏ အပေါ်ယံအချစ်ကို သွန်းနဒီ ပို၍ ပို၍ မုန်းလေသည်။


မောင်ချမ်းမွန်
စံတော်ချိန် နေ့စဉ်သတင်းစာ
နိုဝင်ဘာ- ၂၄-၂၀၁၆