Breaking News

ပဉ္စမမြင့်မိုရ်

လက်နှစ်ဖက်ကိုနောက်ပစ်ရင်း ပြူတင်းပေါက်မှ ဆရာမြတ်မိုးအပြင်သို့ငေးကြည့်နေသည်။ တသုန်သုန် တိုက်ခတ်နေသောလေနှင့် ပတ္တမြားရောင် စိန်ပန်းပွင့်တို့ကြွေကျနေပုံကဆရာမြတ်မိုး၏ ရင်ထဲတွင် ကဗျာပင်ဆန်နေသည်ဟုထင်မိသည်။ ဟုတ်သည်။ ကဗျာဆန်သည်။ဆရာမြတ်မိုး၏ ရင်ထဲတွင်မဟုတ်။ ကျောင်းအိုကြီးကပါ ကဗျာဆန်နေသည်။ ဆွေးမြေ့နေသောသွပ်ချပ်များကြားက အပေါက်ငယ်တို့သည် ဆရာမြတ်မိုး၏ ရုံးခန်းထဲကိုနေပြောက်လေးတွေ ပို့လွှတ်နေသည်။

ပြုတ်ကျကုန်သောအင်္ဂတေချပ်တို့နောက်က နီရဲနေသောအုတ်ချပ်တို့ အထင်းသားမြင်နေရသည်။ တချို့သောအုတ်ချပ်တို့သည် ဟိုနေရာသည်နေရာမှ ကျိုးပဲ့ကာအခြားတစ်ဖက်ကိုပင် မြင်နေရသည်။ တဖျပ်ဖျပ်လွင့်လူးနေသောကျောင်းရှေ့မှ မြန်မာနိုင်ငံတော်အလံက ကြည့်မြင်ရသူအဖို့ ရင်ထဲတွင် ကြည်နူးစရာ။ အလံတိုင်၏ အောက်ခြေကပန်းပင်ငယ်အချို့နှင့် အစိမ်းရောင်မြက်ပင်တို့ကလည်းမိုးနှင့်ဝေးသောကြောင့်ထင်သည် ။ အနည်းငယ်ညှိုးနေပုံမှလွဲ၍ လှပနေဆဲ။

လေကိုစီးရင်း စိန်ပန်းပင်ပေါ်မှ ငှက်ငယ်တို့သည် စီစီညံလျှက်ရှိသည်။ ကျောင်းအိုကြီး၏ ဧရိယာအတွင်းမှ ပင်လုံးကျွတ်ပွင့်နေသော များပြားလှသည့် စိန်ပန်းပင်တို့က ပတ္တမြားပုံကြီးကဲ့သို့ အစုလိုက်၊ အပြုံလိုက်။ ကျောင်းအိုကြီး၏ တံစက်မြိတ်နှင့် မနီးမဝေးတွင်လည်း ပုဏ္ဏရိတ်ပင်တို့ကရှင်သန်မြန်လွန်းလှသည်။ အရင်ကသည်နေရာမှာပုဏ္ဏရိတ်ပင်တို့မရှိသေး။ ပတ္တမြားရောင် စိန်ပန်းတို့ကလည်းငယ်လွန်းသေးသည်။ ဟုတ်သည်။ အပင်ငယ်ငယ်မျှသာရှိသေးသည်။ ဆရာမြတ်မိုးလည်းငယ်ငယ်ရွယ်ရွယ်။ မကောင်းတာကိုကောင်းတာလို့ ထင်နေသည့်အရွယ်။ ပူမှန်းသိပေမယ့် အတင်းဝင်တိုးတတ်သည့် အရွယ်။ စိတ်ဓာတ်ကျလွယ်သည့် အရွယ်။့အရွယ့်။

''ဟူး''

သက်ပြင်းကိုခပ်ငွေ့ငွေ့လေးချလိုက်သည် ။ သက်ပြင်းနှင့်အတူ နွေလေပူတို့ကဆရာမြတ်မိုး၏ အာရုံတို့ကိုအတိတ်ဆီသို့ ဆွဲခေါ်သွားကြသည်။
x x x x x
''ခွမ်း''

ဘာမပြော၊ ညာမပြောဖြင့် မိမိသောက်နေသည့် ထန်းရည်အိုးကိုရိုက်ခွဲလိုက်သောသူကို မြတ်မိုးမော့ကြည့်လိုက်သည်။ ပုဆိုးနှင့် တိုက်ပုံအင်္ကျီဝတ်ပြီး ထူထဲသောမျက်မှန်တစ်လက်နောက်က ဒေါသအခိုးအငွေ့တွေ ပျံနေသော မျက်ဝန်းတစ်စုံကြောင့် သောက်ပြီးသားထန်းရည်တွေတောင် ဘယ်ပျောက်ကုန်သည် မသိ။

''ဆ့ဆရာ''

''ဘာကွ ၊ မင်း ငါ့ကိုဆရာလို့ခေါ်တယ်ဟုတ်လား ''

''ဆရာ ၊ ကျွန့့်  ကျွန်တော်''

ဆရာဦးကျော်ဦးဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထန်းတောနှင့် ဝေးပြီး လူအသွားအလာနည်းသည့် နေရာမို့ အနည်းငယ် တော်သေးသည်။ ဆရာဦးကျော်ဦးအနေဖြင့် ထန်းရည်အိုးကို ခွဲချင်၍ ခွဲသည် မဟုတ်။ ၀န်တိုမစ္ဆရိယစိတ်ကြောင့် ရိုက်ခွဲခြင်းလည်းမဟုတ်။ ထန်းရည်သောက်ခြင်း၏ အကျိုးရလာဒ်က မကောင်းမှုများဖြစ်နိုင်သည်ကိုသူတို့လေးတွေ သိစေချင်သည်။ ကျလွယ်သည့် စိတ်ဓာတ်ကိုလည်း မြင့်တင်ပေးလိုသည်။

သူတို့လေးတွေကအနာဂါတ်၏ မြန်မာ့သူရဲကောင်းလေးများ။ သူတို့ကအနာဂါတ်ကမ္ဘာ့ လူစွမ်းကောင်းများ။ အနာဂါတ်၏ မီလျံနာ။ အနာဂါတ်၏ ငြိမ်းချမ်းရေးပုဂ္ဂိုလ်။ သူတို့လေးတွေ၏ နှလုံးသားထဲတွင် ကောင်းမွန်သည့် စိတ်ဓာတ်များကိုကိန်းအောင်းစေလိုပြီး၊ ကောင်းမွန်သည့် အမူအကျင့်နှင့် ကောင်းသည့် အတွေးတို့သာလျှင် ရှိစေချင်သည်။ ဒါကဆရာဦးကျော်ဦး၏ ရင်ထဲကစေတနာ ။ ဆရာများ၏ စေတနာ။

''မင်းဘာလို့ ထန်းရည်သောက်တာလဲ၊ ငါ့ကိုအမှန်တိုင်းပြောစမ်း ''

မိမိနှုတ်မှ ထွက်သွားသောစကားလုံးတို့က အနည်းငယ် ကြမ်းတမ်းပြီး ဒေါသအငွေ့တွေပါနေသည်ကိုဆရာဦးကျော်ဦးသိလိုက်သည်။ သို့သော်လည်း။ မတတ်နိုင်။ ပါလာတဲ့ဒေါသက ကြမ်းတမ်းသည့် ဒေါသမဟုတ်။ ကရုဏာဒေါသ။ လမ်းမှားနေသောတပည့်တို့ကိုလမ်းမှန်ပေါ်ရောက်စေချင်သည့် ကရုဏာဒေါသ။

''ဒီနေ့ ဂေဇက်ထွက်တယ်ဆရာ''

''ဘာလဲ ၊ မင်းနာမည် ဂေဇက်ထဲပါမလာလို့လား ''

ဆရာဦးကျော်ဦး၏ အမေးကြောင့် မြတ်မိုးရင်ထဲအားငယ်ပြီး မျက်ရည်တွေ ၀ဲတက်လာသည်။ သူဒီ( ၁၀ )တန်းစာမေးပွဲကိုဂုဏ်ထူးတွေတောင် မှန်းထားသည်။ ဂေဇက်ထွက်လာတော့ ဂုဏ်ထူးလည်းမထွက်သလို၊ နာမည်ပင် ပါမလာခဲ့။ မအိပ်မနေစာကျက်ခဲ့သည့်နေ့တွေကိုတွေးမိတိုင်း မြတ်မိုး ၀မ်းနည်းရသည်။ ညရောက်တိုင်း ။ မီးရောင်တွေမြင်တိုင်း။ ကျောင်းစိမ်းအင်္ကျီပုဆိုးတွေမြင်တိုင်း။ ရင်ထဲမှာတစ်ခုခုလစ်ဟာနေသလို။ မိမိကိုယ်မိမိလောကကြီးထဲ အသုံးမ၀င်သည့်သူဟုခံစားရသည်။ ထို့ကြောင့် ငိုသည်။ ငိုတာမှ မျက်ရည်တွေရွှဲလို့။

ထန်းရည်နဲ့လည်းငိုသည်။ထန်းတောကြီးထဲမှာလည်းငိုသည်။ ပြီးတော့ တွေးမိတိုင်းငိုသည်။ ထိုတွင် ဆရာဦးကျော်ဦးကမတ်တတ်ရပ်ရာမှ မြတ်မိုး၏ အနီးတွင်ထိုင်လိုက်သည် မြတ်မိုး၏ ပုခုံးကို နှစ်ချက်လောက် အသာယာပုတ်လိုက်ပြီးတင်းထားသည့် ဒေါသတို့ကိုလျော့ချလိုက်သည်။

''ဒီမှာ ငါ့တပည့် မင်းအသက်ကြီးလာရင် ဘယ်လိုမျှော်လင့်ချက်မျိုးတွေ ထားလဲ ''

''ကျွန်တော် အသက်ကြီးလာရင် ပညာတတ်ကြီးဘ၀နဲ့ ကြီးပွါးတဲ့သူဖြစ်ချင်တယ်ဆရာ''

''အေး ၊ နောင့်ဆိုတာအနာဂါတ်ကိုခေါ်ပြီး ။ ယခုဆိုတာပစ္စုပ္ပန်ကိုခေါ်တာကွ။ နောင်တစ်ချိန်မှာပညာတတ်ကြီးဘ၀နဲ့ ကြီးပွါးချင်တယ်ပေါ့''

''ဟုတ်ကဲ့ဆရာ''

'' အခု ၊ မင်းဘာလုပ်နေတာလဲ ''

''ထန့်း''

ဆရာ၏ အမေးကြောင့် မြတ်မိုးပြီးအောင်ပင် မဖြေရဲ။ တစ်ဝက်တစ်ပျက်မှာပင် ရပ်သွားသည်။

''အေး အနာဂါတ်မှာမင်းလိုချင်တဲ့ ဘ၀ကို အခုပစ္စုပ္ပန်မှာ ထန်းရည်သောက်နေရုံနဲ့ ရနိုင်ပါ့မလား ''

ဆရာဦးကျော်ဦး၏ စကားက မြတ်မိုး၏ အသိညာဏ်ကိုထိုးဖောက်သွားသည် ထင်သည်။ မြတ်မိုးကွဲသွားသောအိုးခြမ်းပဲ့တို့ကို ကြည့်ကာတွေးနေသည်။ ဟုတ်သည်။ အခုထန်းရည်သောက်နေရုံနဲ့ အနာဂါတ်မှာကိုယ်လိုချင်တဲ့ ဘ၀မျိုးကို မရနိုင်။ မြတ်မိုးအလေးအနက်စဉ်းစားနေသည်ကို ကြည့်ပြီးစကားထဲတွင် နစ်ဝင်နေသည်ဆိုတာ ဆရာဦးကျော်ဦးသိလိုက်သည်။

''ကျွန်တော် စာမေးပွဲကျတယ်ဆရာ''

''စာမေးပွဲဆိုတာစစ်ပွဲတစ်ပွဲပဲကွ။ တစ်ကြိမ်ထဲကျရှုံးရုံနဲ့ နောက်ဆုတ်လို့ ဖြစ်မလား။ မင်းရောမမြို့ကြီးဆိုတာကြားဖူးလား''

''အရမ်းကြီးကျယ်ပြီး လုံးဝ မသေနိုင်တဲ့ မြို့ကြီးကိုပြောတာလားဆရာ''

''ဟုတ်တယ်။ ရောမမြို့ဆိုတာအရမ်းကြီးကျယ်တယ်။ အရမ်းလည်းခမ်းနားတယ်။ အေ့းအဲဒီမြို့ကြီးကတစ်ရက်တည်းနဲ့ ပြီးအောင် ဆောက်ခဲ့တာမဟုတ်ဘူးကွ။ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့ တည်ဆောက်ခဲ့တာ။ ဘေဘီလုံကအချမ်းသာဆုံးဖြစ်တဲ့ အာခက်လည်းဟိုတစ်ချိန်ကဆိုရင် သူတပါးအိမ်ရဲ့ လက်ပါးစေတောင် ဖြစ်ခဲ့တာပဲ။ ကျရှုံးမှုတွေ ၊ ဆုံးရှုံးမှုတွေကိုရင်ဆိုင်ပြီးသည်းခံတဲ့စိတ်ဓာတ်နဲ့ ကြိုးစားတဲ့ ၀ီရိယအားထုတ်မှုတွေကြောင့် ဘေဘီလုံမြို့ကြီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်ခဲ့တာ''

ဆရာဦးကျော်ဦးကစကားကိုအရှည်ကြီးပြောလိုက်ပြီးဘေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ လေတစ်ချက်အဝေ့က ခြုံထဲမှ တောခံပွင့်ရနံ့ကိုသယ်ဆောင်လာသည်။ ကျေးငှက်သံကလွဲ၍ အားလုံးတိတ်ဆိတ်နေသည်။ တခြားဘာမှ မရှိ။

''မင်းတို့ ငါတို့ ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်ဆိုရင် သူ့ရဲ့အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ဆင်းဆင်းရဲရဲနဲ့ ခြောက်နှစ်တိတိတောထဲမှာဒုက္ကရစရိယာကိုကျင့်ခဲ့တာပဲ။ မင်းဒီစာမေးပွဲကိုဘယ်နှကြိမ်ကျဆုံးခဲ့ပြီလဲ ''
''ဒါ့ ပထမဆုံးအကြိမ်ပါ ဆရာ ''

''အေး ၊ ပထမဆုံးအကြိမ်။ ခုမှ တစ်နှစ်ပဲရှိသေးတယ်။ ငါတို့ဘုရားနဲ့ယှဉ်ရင် ငါးနှစ်ကြီးတောင် ကွာခြားနေတယ်။ ငါတို့ဘုရားကဒုက္ကရစရိယာကိုကျင့်တယ်ဆိုတာ ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ကွ။ မင်းမှာစားစရာ၊ သောက်စရာတွေ ပူစရာလိုလို့လား။ တခြားအရာတွေလည်းလိုလား။ ဘာများလိုအပ်လို့လဲ ''

''ဘာမှ မလိုအပ်ပါဘူးဆရာ''

''မျက်ရည်မထွက်ခင် သွေးနဲ့ချွေးပဲထွက်ရမယ် ဆိုတဲ့ တရုပ်စကားပုံကိုမင်းကြားဖူးလား''

''ဟုတ် ကြားဖူးပါတယ်ဆရာ''

''မင်းကအောင်မြင်မှုဆိုတာကြီးကိုမရခင် မျက်ရည်ကိုအရင်ထွက်စေတာပဲ ၊ ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ ။ ဘ၀ဆိုတာ ကျရှုံးရုံနဲ့ လဲကျသွားလို့ မဖြစ်ဘူး။ လဲရင်ပြန်ထရမယ်။ ဒါမှ အဓိပ္ပါယ်ရှိတဲ့ ဘ၀ဖြစ်တော့မှာပေါ့''

မြတ်မိုးရင်ထဲတွင် တစ်ချက်ပြုံးလိုက်သည်။ ဆရာဦးကျော်ဦးကသူ၏ ငယ်ဆရာ။ လမ်းမှန်ပေါ်ကိုတွန်းပို့နေသည်ကို မြတ်မိုးတဖြည်းဖြည်းရိပ်မိလာသည်။

''နှင်းဆီတိုင်းမှာဆူးရှိတယ်။ အောင်မြင်မှုတိုင်းမှာလည်းကျရှုံးမှုရှိတယ်။ တစ်ကြိမ်တည်းကျရှုံးရုံနဲ့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကိုဒီအတိုင်းလက်လွှတ်တော့မလို့လား၊ အနေလည်းကောင်း ၊ စိတ်လည်းကောင်း၍ ၊ ကောင်းကောင်းပညာ ၊ တတ်မှသာ ၊ ငါဟာကြီးပွါးမည်။
အနေမကောင်း ၊ စိတ်မကောင်း၍ ၊ ကောင်းကောင်းပညာ ၊ မတတ်ပါ၊ ငါဟာဆုတ်ယုတ်မည် လို့ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီးက သြ၀ါဒပေးထားတာပဲ။ မင်းကအနေအထိုင်လည်းကောင်းတယ်။ အကျင့်စာရိတ္တစိတ်သဘောထားလည်းကောင်းတယ်။ မင်းဘ၀ကြီး အောင်မြင်ဖို့၊ မင်းဘ၀ကြီးတိုးတတ်ကြီးပွါးဖို့ ပညာတစ်ခုတည်းပဲလိုအပ်နေတာ၊ ဘုရားရှင်ဟောခဲ့တဲ့တရားတွေထဲမှာ ( ၂၅ )နှစ်ဆိုတဲ့ ပထမအရွယ်ကပညာကိုသင်ရမယ်တဲ့။ တစ်ချို့ဆိုအသက် ( ၇၀ ) (၈၀) ထိပညာတွေလေ့လာနေတုန်း။ နိုင်ငံခြားကအောင်မြင်နေတဲ့ သိပ္ပံပညာရှင်တွေကြည့် ၊ အသက်လေးဆယ်ရဲ့ အောက်မှာမရှိသလောက်ပဲ။ သူတို့ကအမြဲတမ်းစူးစမ်းလေ့လာနေတာ။ မင်းအသက်ကငယ်ပါသေးတယ်။ ရှိလှ (၁၆)နှစ်ပေါ့။ ဟုတ်တယ်မို့လား။ ကြိုးစားစမ်းပါ ငါ့တပည့်ရာ ။ တစ်ကြိမ်တည်းကျရှုံးတာကိုအရေးကြီးခွင်ကျယ် လုပ်ပြီးတန်ဖိုးရှိတဲ့ အချိန်တွေကိုမကုန်ဆုံးစေနဲ့ ''

ဆရာဦးကျော်ဦးကအားကြိုးမာန်တတ် ပြောပြနေသည်။ ဆရာ့ကို ကြည့်ပြီး မြတ်မိုးပါ ခွန်အားတွေတတ်လာသည်။ ဟုတ်သည်။ တစ်ကြိမ်တည်းကျရှုံးရုံနဲ့ နောက်ဆုတ်လို့မဖြစ်။ အောင်မြင်မှုတိုင်းမှာကျရှုံးမှုတွေ ရှိနေတယ်ဆိုတာ မြတ်မိုး မြင်တတ်လာသည်။ ကျရှုံးခြင်းကအောင်မြင်ဖို့အတွက် လှေကားထစ်ဆိုတာကိုလည်းအလိုလိုနားလည်လာသည်။ အောင်မြင်မှုနှင့် ကျရှုံးမှုကဒွန်တွဲ၍ နေသည်ကို မြတ်မိုးအနေဖြင့် လုံးဝ လက်သင့်မခံလို့မရတော့ချေ။

''ကျေးဇူးပါဆရာ၊ ကျွန်တော် နားလည်သဘောပေါက်ပါပြီ ၊ မနက်ဖြန်ကစပြီး ကျွန်တော် ကျောင်းပြန်တတ်ပါ့မယ်။ ဆရာတပည့်အနေနဲ့ အောင်မြင်မှုတွေကိုမရရအောင် ယူပြပါ့မယ်ဆရာ ''

တက်ကြွစွာပြောလိုက်သော မြတ်မိုး၏ စကားကြောင့် ဆရာဦးကျော်ဦးလွပ်လွပ်လပ်လပ် ပြုံးလိုက်သည်။

''အေးကွ ၊ ငွေဆုံးရှုံးတဲ့သူကများစွာဆုံးရှုံးတယ်။ မိတ်ဆွေတစ်ဦးဆုံးရှုံးသူကပိုပြီးတော့ ဆုံးရှုံးတယ်။ စိတ်ဓာတ်ဆုံးရှုံးသူကအရာရာကိုဆုံးရှုံးတယ်။ ငါ့တပည့်က ပျော့ညံ့တဲ့စိတ်တွေ ဖယ်ရှားပြီးသံမဏိလိုမာကျောလာတော့ ဆရာဝမ်းသာတယ်။ မှတ်ထား။ ဘယ်တော့မှ စိတ်ဓာတ်အကျမခံနဲ့။ ကြိုးစားနေတဲ့သူအတွက် အမြဲတမ်းနေရာတစ်ခုရှိနေတယ်။ မင်းကနောင်တစ်ချိန်မှာအရည်အသွေးကောင်းတဲ့ ကျောက်တစ်လုံးဖြစ်လာမယ်ဆိုတာဆရာယုံကြည်တယ်။ အေ့း ဆရာယုံကြည်သလို မင်းလည်း ကိုယ့်အရည်အချင်းကိုယုံကြည်ရမယ်။ စိတ်ကိုဘယ်တော့မှ မလှည့်စားနဲ့ ''

''ဟုတ်ကဲ့ဆရာ ၊ အခုအနာဂါတ်မှာ ကြီးပွါးဖို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါပြီ'
                                                   ×××××

ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်သောလေကြောင့် သေးငယ်သောလေပွေတစ်ခုဖြစ်လာကာ လေပွေ၏ တ၀ီဝီမည်သော အသံကအတိတ်သို့ပြေးနေသောဆရာမြတ်မိုး၏ စိတ်အာရုံကိုပစ္စုပ္ပန်တည့်တည့်သို့ ပို့လွှတ်လိုက်သည်။ အရင်ကထန်းတောထဲမှာစိတ်ဓာတ်ကျရှုံးနေသော မြတ်မိုးသည် ဆရာဦးကျော်ဦး၏ အဆုံးအမကြောင့် ဂုဏ်သရေရှိသောကျောင်းအုပ်ဆရာကြီး ဖြစ်၍နေသည်။ ကျောင်းကြီးကအိုနေပေမယ့် ဒီကျောင်းကို ဆရာမြတ်မိုး မြတ်နိုးသည်။ဟိုး ငယ်ငယ်ကတည်းကနေခဲ့တာမို့ဒီကျောင်းကြီးကိုရောက်အောင် အထက်ကိုမနည်းလျှောက်ခဲ့ရသည်။ မှန်သည်။ သည်ကျောင်းကြီးတွင် သူပညာသင်ကြားခဲ့သည်။ သည်ကျောင်းကြီးမှာပဲဆရာတွေက သူ့ကိုဆုံးမခဲ့ကြသည်။ ယခုသူလည်း။

''ဆရာ''

သူငယ်တန်းပြဆရာမလေးက ခေါ်လိုက်သည်မို့ ဆရာမြတ်မိုး ပြူတင်းပေါက်မှ ကျော်လွန်နေသောအကြည့်တို့ ရုပ်သိမ်းကာဆရာမ ရှိရာအပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။

''အော့်ဆရာမ ၊ ကျောင်းသားတွေ စုံနေပြီလား ''

''စုံပြီဆရာ ၊ ဆရာ့ကိုကန်တော့ဖို့ လာပင့်တာ ''

ဟုတ်ပေသည်။ ဒီနေ့သီတင်းကျွတ်မို့ တပည့်တွေစုပေါင်းကာဆရာ၊ ဆရာမတွေကို ပူဇော်ပွဲကျင်းပသည်။ မိမိဆရာကမိမိကိုကောင်းအောင် သွန်သင်ဆုံးမသလိုမိမိလည်းမိမိ၏ တပည့်တို့ကိုပညာတတ်များဖြစ်အောင် ကောင်းမွန်သည့်သြ၀ါဒတို့ကို ပေးရပေဦးမည်။ ဆရာဆိုတာဘုရားတရားသံဃာမိဘတို့နှင့် တစ်ဂိုဏ်းထဲထားပြီး တပည့်တွေအပေါ် သားသမီးအရင်းလိုဆုံးမတတ်သည့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆိုတာခုတော့ ဆရာမြတ်မိုး တစ်ယောက် ကောင်းကောင်းသိလိုက်ပေပြီ။ ဆရာဆိုသည်မှာ အနန္တောအနန္တငါးပါးထဲက နောက်ဆုံးဖြစ်သည့် ပဉ္စမမြင့်မိုရ်ပင်မဟုတ်ပါလား။ ထို့နောက် မြတ်ဆရာဆိုသည့်သီချင်းသံကလည်း အာစရိယပူဇော်ပွဲခမ်းမကြီးတွင် လှိုင်ဟီး၍ နေလေတော့သည်။

မောင်ချမ်းမွန်
2016-စံတော်ချိန်နေ့စဉ်