Breaking News

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ


ခေါင်းဆောင်ဆိုတာ လူတစ်စု၊နယ်ပယ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုကို ဦးစီးဦးဆောင်ပြုတဲ့သူလို့ ဆိုချင်ပါတယ်။ လူသားတိုင်းမှာ ဘယ်သူမဆိုခေါင်းဆောင်ဖြစ်ချင်ကြတာချည်းပါပဲ။
နောက်လိုက်ဆိုတာမျိုးက ခေါင်းဆောင်ရဲ့စေခိုင်းမှုအတိုင်းလုပ်ရတာဆိုတော့ ဘယ်သူမှနောက်လိုက်မလုပ်ချင်ကြပါဘူး။ ခံစားခွင့်ပိုင်းဆိုင်ရာ၊ အလေးပေးမှုပိုင်းဆိုင်ရာ၊ လုပ်ပိုင်ခွင့်ပိုင်းဆိုင်ရာအားလုံးဟာ ခေါင်းဆောင်ဖြစ်မှ ရတာဆိုတော့ေ ခါင်းဆောင်ဆိုတာတဲ့နေရာကို လူတိုင်းမျက်စောင်းလေးဖြစ်ဖြစ် ထိုးကြတာပါပဲ။ အားမတန်လို့ မာန်လျော့ရတဲ့ဘ၀ဖြစ်နေပေမယ့် ဘယ်လိုလုပ်ရင်ခေါင်းဆောင်ဖြစ်မလဲလို့ အမြဲတမ်းတွေးတောပြီး ကြံစည်လုပ်ကိုင်နေတဲ့ လူတွေတောင်ရှိနေပါသေးတယ်။



ကျွန်တော်တို့ကလေးငယ်ဘ၀တုန်းကတောင် သူငယ်ချင်းတွေနဲ့ကစားတဲ့အခါမှာ ခေါင်းဆောင်ဖြစ်ချင်နေတာမဟုတ်လား။ ယခု လက်တွေ့ဖြတ်သန်းနေရတဲ့ဘ၀ထဲရောက်လာတော့ ခေါင်းဆောင်မဖြစ်ချင်ဘူးလို့ ပြောတဲ့သူဟာ သူ့ရဲ့အမှန်တကယ်စိတ်ထဲက လာတာမဟုတ်ပါဘူး။ ဘယ်လိုလုပ်လုပ်မရနိုင်ဘူးဆိုတာ သိလို့ အရှက်ပြေမလိုချင်ဘူးလို့ ပြောနေကြတာပါ။ ဟုတ်ပြီ။ ခေါင်းဆောင်ဖြစ်ပြီဆိုပါစို့။ လူတစ်ယောက်ဟာ ခေါင်းဆောင်ဖြစ်ပြီဆိုရင်လည်း အဲဒီခေါင်းဆောင်ဟာ ကောင်းတဲ့ခေါင်းဆောင်နဲ့
မကောင်းတဲ့ခေါင်းဆောင်ဆိုပြီး နှစ်မျိုးရှိနေပါသေးတယ်။ ကိုယ်ခေါင်းဆောင်ဖြစ်ရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ခံယူချက်တော့ ခေါင်းဆောင်တိုင်းကို မရှိစေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်ဒီအခါကြီးထဲမှာ လူတွေဟာ ရဲရဲဝင့်ဝင့်လုပ်နိုင်၊ကိုင်နိုင်ကြလို့ပါပဲ။

တကယ်လို့သင်ဟာ ခေါင်းဆောင်ဖြစ်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲဆိုတဲ့ စိတ်ထားမျိုးသာရှိနေမယ်ဆိုရင် သင့်ရဲ့ခေါင်းဆောင်နေရာက ကြာရှည်ခိုင်မြဲမှာမဟုတ်တော့ပါဘူး။ သင်ဟာ ဘယ်လောက်ပဲအရှိန်အ၀ါကြီးနေပါစေ သင့်ရဲ့ မမှန်မကန်အုပ်ချုပ်မှု၊ အလွဲသုံးစားလုပ်မှု၊ တာဝန်မယူမှု၊ ပညာမဲ့မှုတွေကြောင့် သင့်ရဲ့လက်အောက်ငယ်သားတွေဟာ သင့်ကို တဖြည်းဖြည်းဖယ်ခွါနေကြပါပြီ။ ကောင်းမွန်တဲ့ခေါင်းဆောင်မှုမရှိတဲ့ ခေါင်းဆောင်တိုင်းရဲ့ဈာပနဆိုတာ စည်ကားသိုက်မြိုက်မှုမရှိပဲ
ခြောက်ကပ်ကပ်နဲ့ပြီးဆုံးသွားကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ ဈာပမှာစည်းကားဖို့ စာရိတ္တတွေ၊ ပညာအရည်အချင်းတွေကို ဖြည့်ဆည်းခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ သင့်ရဲ့လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်လောက်အထိ ကောင်းမွန်ခဲ့တယ်ဆိုတာ သင့်ရဲ့ဈာပနပွဲက အတိအလင်းကို ဖော်ပြနေတာပါ။ တကယ်လို့သင်သာ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဖြစ်ချင်သလား၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ ခေါင်းဆောင်မျိုးပဲ
ဖြစ်ချင်သလားဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်ရုံပါပဲ။

 လက်အောက်ငယ်သားတိုင်းဟာ စာနာတတ်တဲ့၊ တာဝန်ယူမှုရှိတဲ့၊ မှန်မှန်ကန်ကန်အုပ်ချုပ်တဲ့၊ ချီးမြှောက်မှုရှိတဲ့၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ရဲ့နောက်မှာပဲ နေချင်ကြတာပါ။ ကံကြမ္မာတစ်ခုခုကြောင့်
ခေါင်းဆောင်နေရာကနေ ဆင်းခဲ့ရရင်တောင် အဲဒီလိုခေါင်းဆောင်မျိုးကို လက်အောက်ငယ်သားတွေက ပစ်မထားတတ်ကြပါဘူး။ ခေါင်းဆောင်ကောင်းတိုင်းကို သူရဲ့လက်အောက်ငယ်သားတွေက ချစ်ခင်အားကိုးသလို၊ သူ့ရဲ့ဝန်းကျင်မှာရှိတဲ့ သူ့ရဲ့လက်အောက်ငယ်သား
မဟုတ်တဲ့ အခြားသူတွေကလည်း အားကိုးချစ်ခင်လာကြတာပါ။ ကြာလာတော့ တခြားလူတွေကပါ ခေါင်းဆောင်ကောင်းရဲ့နောက်ကို အလိုလိုလိုက်လာကြတာပါ။ ခေါင်းဆောင်ကောင်းတိုင်းရဲ့သဘာဝက လူတွေကို စွဲဆောင်စရာမလိုပဲကို သူ့ရဲ့နောက်မှာ ပရိသတ်တွေ
တဖြည်းဖြည်းများလာတာပါပဲ။ ကဲ ဒါဆိုရင် သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပြီပေါ့။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အရည်အချင်း( ၅ )ချက်ရှိရပါမယ်။ အဲဒီအရည်အချင်း( ၅ )ချက်က ဘာတွေလဲဆိုတော့

ူ၁။ မိမိလုပ်ငန်းတိုင်းကို အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်စိတ်၊ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေရဲ့အရည်အချင်းအပေါ် ပေးအပ်တဲ့တာဝန်အပေါ်ယုံကြည်စိတ်ရှိရပါမယ်။

၂။ မိမိရဲ့လက်အောက်ငယ်သားတွေထက် ဘာပဲလုပ်လုပ် ၀ီရိယပိုနေရပါမယ်။

၃။ ချီးမြှောက်သင့်သူကို ချီးမြှောက်ပေးရမယ်။ အပြစ်ရှိသူကို အပြစ်ပေးရမယ်။ ချီးမြှောက်မှုပိုင်းဆိုင်ရာမှာ လုံးဝမမေ့မလျော့ရပါဘူး။ ဒီနေ့ ဘယ်သူ့ကို ဂုဏ်ပြုချီးမြှောက်ရမလဲဆိုတာ အမြဲတမ်းစူးစမ်းတဲ့ သတိရှိနေရပါမယ်။

၎။ ရန်သူနဲ့တွေ့တွေ့၊ မိတ်ဆွေနဲ့တွေ့တွေ့ တည်တည်ငြိမ်ငြိမ်ရှိနေရပါမယ်။ ဖြစ်ပေါ်လာတဲ့ပြဿနာတိုင်းကို ဟောဟောဒိုင်းဒိုင်းမဆုံးဖြတ်ပဲ သေသေချာချာစုံစမ်းပြီးမှ တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်ပေးတတ်ရပါမယ်။ သမာသမတ်ရှိပြီး မှန်ကန်တဲ့အုပ်ချုပ်မှု၊ ဖြောင့်မတ်မှု
တို့ ရှိနေရပါမယ်။

၅။ ပညာအရည်အချင်းနဲ့ပြည့်စုံပြီး ဖြစ်မလာခင် ကြိုတင်တွေးတော ခန့်မှန်းနိုင်ရပါမယ်။ လက်အောက်ငယ်သားတွေအပေါ် တာဝန်ယူမှု၊မှန်မှန်ကန်ကန် ဘက်မလိုက်ပဲဆုံးဖြတ်ပေးမှု၊ အတိုင်းအတာကိုချိန်ဆနိုင်မှု ဆိုတဲ့ အရည်အချင်းတို့ရှိနေရပါမယ်။

    ကဲ သင်သာ အဲဒီအချက်(၅)ချက်နဲ့ပြည့်စုံခဲ့မယ်ဆိုရင် သင်ဟာ အမှန်တကယ် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သွားပါပြီ။ သင့်ရဲ့နောက်က အရေအတွက်နည်းနေတာကို စိတ်ညစ်စရာမလိုပါဘူး။ အချိန်နဲ့အမျှ ပရိသတ်ဟာ အရှိန်အဟုန်နဲ့ တိုးပွားလာမှာပါ။ ဒါဆိုရင် သင့်ကိုသင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီဆိုတာ လက်ခံယုံကြည်လို့ရသွားပါပြီ။ ပရိသတ်အကြိုက်နည်းတဲ့ ခေါင်းဆောင်ဖြစ်ချင်သလား၊ ပရိသတ်အကြိုက်များတဲ့ ခေါင်းဆောင်ကောင်းဖြစ်ချင်သလားဆိုတာ
သင်ဘာသာပဲ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ လူတိုင်းကတော့ ခေါင်းဆောင်ကောင်းပဲ လိုချင်တယ်ဆိုတာ စကားကြောရှည်ပြီး ပြောပြစရာတောင်မလိုတော့ပါဘူး။

မောင်ချမ်းမွန်
10:20 AM
12/18/2014