Breaking News

ဦးရာဇိန် ''ကြက်ဥ''ဝယ်နည်း

ဒီနေ့ သူငယ်ချင်းဆီက ပြန်လာတော့ အိမ်က ဦးရာဇိန္ဒက ကြက်ဥဝယ်ခဲ့ဖို့ ဖုန်းဆက်ပါတယ်။ ဒါနဲ့ လမ်းထိပ်က ဆိုင်ထဲကို ဝင်လိုက်တယ်။

''Excuse me, I want to buy EGG'' လို့ ပြောလိုက်တော့ ဆိုင်ရှင်အမျိုးသမီးက မျက်မှောင်ကျုံ့ ကြည့်တယ်။

''Do you know EGG''

ဆိုင်ရှင်အမျိုးသမီးက အမျိုးအမည်မသိတဲ့ သစ်ဥ တစ်ခုကို ပြတယ်။ ဒါလား ဆိုတဲ့မေးခွန်း မျက်နှာထားနဲ့။ ကျွန်တော်က ''No no no, It isn't.'' ငြင်းလိုက်တယ်။ သူကလည်းမသိ။ ကိုယ်ကလည်း ကောင်းကောင်းမပြောတတ်တော့ အခက်တွေ့ပြီပေါ့။ ဒါနဲ့ ကြက်ပါတဲ့ စကားလုံးတွေကို စာကျက်သလို ရွတ်ပြလိုက်တယ်။

''Han egg, chick egg, broiler egg, cock egg, chicken egg.''ဆိုပြီး ကြက်ဖ ကြက်မ ကြက်ကလေးစတဲ့ ကြက်ပါတဲ့ စကားလုံးတွေကို ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန် ရွတ်ပြလိုက်တယ်။ သူကတော့ ကြောင်ပြီး ကြည့်နေဆဲပဲ။

''Like that, E - G - G''

ကျွန်တော် စာလုံးကို တလုံးချင်းပေါင်းပြီး လက်ကလည်း ကြက်ဥပုံစံလုပ်ပြလိုက်တော့မှ ကြက်ဥကို ပြောမှန်း သူက နားလည်သွားတယ်။

( သီရိလင်္ကာလူမျိုးတွေနဲ့ ကိုယ်တို့မြန်မာတွေနဲ့က Eng အသံထွက် တော်တော်လေးကို ကွဲလွဲပါတယ်။ သင်တန်းဆရာတွေတောင် ကျွန်တော်တို့နိုင်ငံက Adjective ကို [အဲ့ဒ်ဂျစ်တစ်ဗ်] လို့ အသံထွက်တာ။ သူတို့က[အဲ့ဒ်ဂျစ်တယူ့]ဆိုပြီးထွက်တာ။ )

ဒါနဲ့ ဥ တစ်လုံးကို ထုတ်ပြတယ်။ သူထုတ်ပြတာက ကြက်ဥမဟုတ်ပဲ ဘဲဥ ဖြစ်နေတယ်။ လိုချင်တာက ကြက်ဥလေ။ ဘဲဥမှ မဟုတ်တာ။

''I want to get only chicken egg. No need   duck egg. Chicken egg is brown colour.''ဆိုပြီး မှန်တာ မမှန်တာ စဉ်းစားမနေဘူး။ လျှောက်ပြောလိုက်တော့ ဆိုင်ရှင်အမျိုးသမီးဆီက စကားတစ်ခွန်းတည်း ပြောလိုက်တာ ''No''တဲ့။ သူ့ ဆိုင်မှာ မရှိဘူးဆိုတဲ့ သဘောပေါ့။ ဒါနဲ့ တခြားဆိုင်ကနေ ကြက်ဥဝယ်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ကြက်ဥအတွေ့ကြုံကို ဦးရာဇိန်ကို ပြောပြလိုက်တယ်။ အဲဒီတော့ ဦးရာဇိန်က…

''မင်းက လွယ်တာကို ခက်အောင် လုပ်နေတာကိုးကွ''

''ဘာလို့လဲ ဦးရာဇိန်ရ'' လို့  ကျွန်တော်က ပြန်မေးတော့ သူရဲ့ ကြက်ဥဝယ်ပုံ နည်းစနည်ကို မျှဝေပါတယ်။ သူ ဝယ်ပုံစနစ်က ကြက်ဥလည်း အသေချာ ရလာခဲ့သလို ဟာသကြီးလည်း ဖြစ်လို့နေပါတယ်။ သူပြောပြီးတဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို မိုးမိလာတာကိုပင် သတိမထားမိတော့ပဲ တဟားဟား ရယ်မောလိုက်ရပါတော့တယ်။ သူဝယ်ခဲ့တဲ့ ပုံစံကို အောက်ပါအတိုင်း ပြောပြပါတယ်။

''ငါ ဝယ်တုန်းကလည်း ဆိုင်ရှင်က နားမလည်ဘူးကွ။ အဲဒါနဲ့ ငါက ' I don't want to ဂတ်  ဂတ် ဂတ် egg. Do you have အောက် အီး အီး အွတ် egg.' လို့ ငါက  လွယ်အိတ်အောက်ချပြီး လက်နှစ်ဖက်နဲ့ ကြက်ဖတောင်ပံခတ်သလို ခတ်ပြလိုက်သေးတယ်။ အဲဒီတော့မှ ငါ ကြက်ဥဆိုလိုမှန်း သူတို့သိတာ'' တဲ့။

မောင်ချမ်းမွန်
15/10/2017