Breaking News

ဦးဖိုးလူ

ကျုပ်တို့ ရွာက စာရေးဆရာဆိုတဲ့ ဦးဖိုးလူ  အမျိုးသားစာပေ ကဗျာဆုရဲ့ ''ဂန္ထဝင်ကဗျာကော ခေတ်ပေါ်ကဗျာကောမှ ကဗျာဆု တစ်ဆုပဲပေးမယ်''ဆိုတဲ့သတင်းလည်းကြားကော စားမဝင် အိပ်မပျော်  တစ်ယောက်တည်း တောက်… တခေါက်ခေါက်နဲ့ ဒေါသထွက်နေတယ်။

''ဒါ သက်သက် လူပါးဝတာ။ ဘယ့်နှယ်ကွာ ခေတ်အဆက်ဆက်ပေးလာတဲ့ မြန်မာဂန္ထဝင်ကဗျာကို ခေတ်ပေါ်နဲ့ပေါင်းပြီး တစ်ဆုတည်း ပေးရမယ်လို့။ ဒါ မြန်မာဂန္ထဝင်ကဗျာဆရာတွေအပေါ် သက်သက် လူပါးဝတာ''

''ဟဲ့ ငဖိုးလူ၊ ရှင် ဘာဖြစ်နေတာလဲ။ ဗြစ်တီးဗြစ်တောက်နဲ့ ကျုပ် သနပ်ခါးတုံးနဲ့ ပစ်ပေါက်လိုက်ရမလား''

ရေမိုးချိုးပြီး သနပ်ခါးလိမ်းဖို့  ကျောက်ပြင်နားမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဒေါ်ကြီးစာမရီက အော်ငေါက်တယ်။ ငေါက်မှာပဲလေ။ ရွာမှာ စာရေးဆရာ စာရေးဆရာဆိုပြီး မြှောက်ကြွမြှောက်ကြွလုပ်။ ရေးတဲ့ကာရန်က ကိုယ်တိုင်မယူနိုင်တော့ ဆရာဇော်ဂျီရဲ့ကဗျာရစ်သန်အတိုင်းလိုက်တုခိုး၊ ဆရာတင်မိုး၊ ဆရာမင်းယုဝေ၊ ဆရာမငွေတာရီစတဲ့ ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ နဘေ ကာရန်အတိုင်းလိုက်ယူတာ ဒါ ဒေါ်စာမရီက မသိသည် မဟုတ်။ အလုပ်ကမရှိ။ ဝင်ငွေက မရ။ သူ့ စာမူနဲ့သာ ထမင်းစားရရင် ဒေါ်စာမရီတို့  ခုလို ဇလုတ်နှစ်ထပ် သုံးထပ်ဖြစ်ဖို့ ဆိုတာ ဖြစ်နိုင်ရိုးလား။ ခုလို ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်မျိုး ဘယ်လိုလုပ်ရနိုင်မှာလဲ။ 

'' ကျုပ် မနေ့ကဝယ်ထားတဲ့ သနပ်ခါးတုံးကြီး ရှင် ခိုးရောင်းသေးလား''

''ဟာ စာမရီ။ နင် ငါ့ကို စော်ကားတာ များနေပြီနော်။ ဒီမှာ မသိရင်မှတ်ထား။ ''စာဖတ်သူ မခိုး၊ သူခိုး စာမဖတ်''တဲ့…''

''သိတယ်လေ ဒါ  လိုင်းပေါ်မှာပြန့်နေတဲ့ အီရတ်က စကားမို့လား။ ဒီမှာကိုဖိုးလူ ရှင် ကိုယ်ပိုင် အုန်းကြိုးနဲ့……''

''အုန်းကြူး လုပ်စမ်းပါ စာမရီရာ။ နင် လုပ်ပုံနဲ့ ငါပါ သိက္ခာကျလိမ့်မယ် ''

''ရှင့်ဘာသာ ကြိုးချင်ကြိုး  ကြူးချင်ကြူး။ ရှင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘယ်နေ့စာရေးမှာလဲ ဟမ်။ ပြီးတော့ အိမ်ကပစ္စည်းတွေ ကျုပ်မသိအောင် ရောင်း။ ရှင့်သူငယ်ချင်းတွေကို စာမူခရတာလို့ လိမ်ပြောပြီး အရက်ကလေးတမြမြနဲ့ ရှင် ပျော်နေတယ်ပေါ့လေ''

ဒေါ်စာမရီက ခိုင်သင်းကြည်လို ပါးစပ်တွေ မျက်လုံးတွေ မဲ့ကာရွဲ့ကာ ပြောတယ်။

''နင်တို့ မိန်းမတွေ ကိုယ့်ယောက်ျားဆိုရင် တီဗွီထဲကလာတဲ့ ဟိုအခြောက်ကောင်တွေလောက်တောင် တန်ဖိုးမထားကြဘူး။ နင့်ဘာသာ အဲ့အခြောက် တီဗွီကောင်တွေနဲ့နေ''

ဦးဖိုးလူက ပြောပြောဆိုဆို ဖျင်ကြမ်းတိုက်ပုံအကျီ င်္ကို ပုခုံးပေါ်တင်ပြီး နွားသိုးတစ်ကောင်လို တရှုးရှုးတဒိုင်းဒိုင်း အိမ်ပေါ်က ဆင်းသွားလေတယ်။ ဒါ ဦးဖိုးလူ စိတ်တိုရင် လုပ်နေကျ။ တကူးတက လိုက်ခေါ်စရာမလို ညနေ ထမင်းစားချိန်ဆို ပြန်ရောက်လာမှာ ဒေါ်စာမရီ အသိဆုံး။ ဒေါ်စာမရီက အပွေးမပါတော့တဲ့ သနပ်ခါးတုံးသေးသေးလေးကို အောင့်ကြီးစောင့်ကြီး သွေးနေလိုက်တယ်။

                                       (၂)

''သာညို  ဒီနေ့ ဘာထူးလဲကွ''

''မြဝတီက ဆရာနှစ်ယောက်တော့ ဆန္ဒပြသတဲ့။ ဟို ကဗျာတွေကို ချစ်လှပါတယ်ဆိုတဲ့ အယ်ဒီတာကဗျာဆရာတစ်ယောက်ကတော့ ဆန္ဒပြသူတွေကို ချိုးချိုးနှိမ်နှိမ် ဝေဖန်သလို   မြန်မာဂန္ထဝင်ကဗျာကိုလည်း ဘာညာသာရကာတွေ ပြောထားသေးတယ်''

''တောက်  ခွေးမသားတွေ! …''

ဦးဖိုးလူက မျက်ခုံးမွေးထောင်နေအောင် မျက်မှောင်ကုတ်ပြီး ပြစ်ပြစ်နှစ်နှစ် ဆဲလိုက်တယ်။ သာညိုကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ ဦးဖိုးလူကို ကြည့်လို့။

''ဟိုဘဲကြီးက ဝန်ကြီးဖြစ်သွားလို့  သူကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတဲ့ စာရေးသူတွေရဲ့ဘဝကို ဇီးသီးသည် ဘဝမေ့သလို ဖြစ်သွားတာလား။ တောက်…!   ဟိုငနဲကလည်း ပြောတော့ ကဗျာချစ်တယ် ကဗျာက ငါ့အသက်  ကဗျာက ငါ့ဘဝနဲ့။ ခေတ်ပေါ်တစ်ခုတည်း ကဗျာမဟုတ်ဘူးကွ''

ဦးဖိုးလူ တစ်ယောက်တည်းပြောနေတာ။ လေလေးက တဟူးဟူးတိုက်နေတော့ ဦးဖိုးလူရဲ့ဒေါသကို တမင်ဆွပေးနေသလိုပဲ။ တိုက်ပုံအကျီ င်္ကို ကုက္ကိုပင် ခွကြားထဲပစ်တင်လိုက်ရင်း ကလေးငယ်တွေ သရေကွင်းပစ်ဖို့  စိုက်ထားတဲ့ ဝါးခြမ်းငုတ်ကို ခြေထောက်နဲ့ အားရပါးရ ကန်ထည့်လိုက်တယ်။

''ဒုတ်…''

''အား အမလေး နာတယ်ဟ။ ငလူး……''

ဦးဖိုးလူက သွားစေ့ပြီးအံကြိတ်ပြောလိုက်တော့ သာညိုက ခွိကနဲ ရယ်တယ်။

''မင်းက ငါ့ကို လှောင်နေတာလား သာညို''

''အာ   ဦးဖိုးလူကလည်းဗျာ။ ကျုပ်က လှောင်ပါ့မလားဗျ။ ဆရာ့ဆီက ပညာသင်နေတဲ့လူပဲဗျာ။ ကိုယ့်ဆရာကို လှောင်ပါ့မလား''

'' သင် မနေနဲ့တော့ ဟေ့ကောင်။ သင်လည်း စာပေဆုက မရနိုင်တော့ဘူး''

''ဗျာ  ဘာ  ဘာဆိုင်လို့ လဲ''

''ဆိုင်တာပေါ့ကွ။ လေးချိုး ဒွေးချိုး တြိချိုးနဲ့ အခြား ရတု ရကန် တျာချင်း ဘောလယ် အိုင်ချင်း အဲချင်း ဘာညာဘာညာတွေ အကုန် အလကားဖြစ်ကုန်ပြီ။ တကယ့်ဆရာတွေလည်း ဆုရွေးချယ်ရေးအဖွဲ့ကနေ ထွက်သွားပြီကွ။ အဲဒါ ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့  အရက်သွားသောက်မယ်''

''အင့်…''

ဦးဖိုးလူက ပုဆိုးပုံစထဲကနေ အိမ်က မိန်းမမသိအောင်ခိုးယူလာတဲ့ သနပ်ခါးတုံးကြီးကိုထုတ်ပြီး လေပေါ်မြှောက်လိုက် ဖမ်းလိုက် ကစားနေတယ်။ ပြီးတော့မှ ကုက္ကိုပင်ခွကြားထဲက တိုက်ပုံအကျီ င်္ကို ပြန်ယူပြီး ရွာတောင်ဘက်က အရက်ဆိုင်ကို ထွက်သွားတယ်။

                                        (၃)

''တ ကယ် တော့ ကွာ ဂ န္ထ ဝင် က ဗျာာာာာာဆိုတာ အရမ်း ခေတ်နောက်ကျနေပြီ။ ဘုန်းကြီးပျံလောက်ပဲ အသုံး ပြု တော့ တဲ့ ဂန္ထဝင်ကို သီးသန့်ဆု ပေးစရာလားကွာ ဟင်''

ဦးဖိုးလူတို့ရဲ့ ညာဘက်ဝိုင်းကလူတစ်ယောက်က အရက်မူးပြီး အာလေးလျှာလေးသံနဲ့ ယင်းသို့ ပြောလိုက်တော့ ဦးဖိုးလူ ဒေါသ ထောင်းခနဲ ထွက်သွားတယ်။

''ခလွမ်''

''ဘယ် ခွေး မသားလည်းကွ ဟမ်။ ငါ့ကို လူသတ်ခိုင်းနေတာလား''

ဦးဖိုးလူ ဒေါသထွက်ပြီး သောက်မယ့်အရက်ပုလင်းကို ဘေးမှာရှိတဲ့ ဓားသွေးကျောက်ပေါ် ရိုက်ခွဲကာ ပုလင်းကွဲနဲ့ ထိုးမယ့်ပုံစံ လုပ်တယ်။ တော်သေးတာက ဦးဖိုးလူ အရက်မမူးသေးတာပဲ။ မူးများသာ မူးနေရင် လူသတ်ပွဲကတော့ လှလှကြီးကြုံပြီပေါ့။

''ကိုဖိုးလူ ခ များက ကျုပ်ကို သတ်ချင်လို့ လား။ သတ်  သတ်လေ။ ကျုပ်ပြောတာက မှားနေလို့ လားဗျ။ ခများတို့  ဟို ဒွေးချိုးလောက်ပဲ ရေးတတ်တဲ့ ငနဲ။ ပါတီကို ဖားပြီး တခြားသူတွေကို အပုပ်ချတဲ့ကောင်လေ။ အဲ  အာ့လိုကောင်တွေ များနေလို့  ခများတို့  ဂန္ထဝင်လောက ပျက် စီးတာ။ အဲဒါ ခများ သိလား''

ငနဲက အာလေးလျှာလေးသံနဲ့ တစ်လုံးချင်း ပြောတယ်။ ဦးဖိုးလူလက်ထဲကတော့ ပုလင်းကွဲကို အံကြိတ်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။

'' ခများက ကျုပ်ကို ရန်ပြုမလို့ လုပ်နေသာကိုး။ အမှန်ဆို ကျုပ်ထက် ခု အစိုးရကနေ ဟိုးအဆက်ဆက်က အစိုးရတွေ လုပ်ကြံရမှာဗျ သိလား။ ဒီခေတ်မှ ကျုပ်တို့  မော်ဒန်ကဗျာတွေ တိုးတက်လာတာ မဟုတ်ဘူး။ ခများ ငယ်ငယ်က သင်ဖူးတယ်မို့ လား။
ဘယ်က လာသလဲ
ဘယ်နယ်ကလဲ
အလယ်ကလူ
စကား ဝဲ၏…တဲ့။ အဲ  အဲဒါ မော်ဒန်ပဲဗျာ။ သူ့ ခေတ်နဲ့အညီ ထွက်ပေါ်လာတဲ့ မော်ဒန်ကဗျာ။ အဲဒီကတည်းက မော်ဒန်ကဗျာဟာ ကျောင်းသုံးစာပေဖြစ်နေတာ။ ခများတို့ နဲ့ကျမှ မော်ဒန်ကပဲ ဂန္ထဝင်ထက် ဈေးနိမ့်သလေး ဘာလေးနဲ့''

ဦးဖိုးလူခမျာ ဒေါသထွက်ပြီး တုန်ယင်နေသောလက်ကို မနည်းထိန်းထားနေရတယ်။ ဟိုငနဲကတော့ အာလေးလျှာလေးသံနဲ့ ပြောနေတုန်း။

''နောက်နှစ်တွေမှာ ကျောင်းသုံးစာအုပ်တွေကို update မြှင့်ဖို့  ကျုပ် ကြိုးစားနေတယ်။ ခများတို့  ဂန္ထဝင် သွားလေရော့ပဲ။ ဥပမာ စံပယ်လေးရုံ ဗျာ။ မဟူရာနယ်မြေကနေ
ပုလဲဖြူတောထဲ ရွေ့မယ်
နေလေးစင်းမတွေ့ခဲ့ရပေမယ့်
ဒီတစ်ကြိမ် ဓားသွားမှာ
ပြားပြားလေးစောင်းငဲ့
ကိုယ့်အထက်မှာ ပန်းတစ်ပွင့် ရှိတယ်…ကဲ ဘယ်လောက်မိုက်လဲဗျာ ဟား ဟား ဟား''

''ခွေးမသား မင်းကို ငါသတ်မယ်။ မင်းကို ငါသတ်မယ်''

သာညိုနဲ့ အရက်ဆိုင်ရှင် ဘိုကုတို့ က အတင်းဆွဲထားလို့ သာ လူသတ်ပွဲမဖြစ်။ ငမူးသမားငနဲ မျက်နှာမူရာလမ်းကို ဖြောင့်ဖြောင့်တန်းတန်း ပြေးသွားတယ်။

                                      (၄)

''ဒီစာပေညီလာခံကနေ ငါ့အဆိုကို အောင်မြင်အောင် တခါတည်းတင်ပြမယ်။ ငါက မော်ဒန်ကဗျာတွေကို မချစ်လို့ မဟုတ်ပါဘူးကွာ။ သူတို့ လည်း ဆုရစေချင်၊ ဂန္ထဝင်ကဗျာလည်း မတိမ်းကောစေချင်လို့ ပါ။ ဒီလိုဆုနှစ်ခုဖြစ်ဖို့  ငါ အပြတ်ချဲခဲ့မယ်''

''ရှင့်ဟာက မသေချာပါဘူး။ ပင်လယ်ထဲ ငါးမန်းနဲ့လုံးထွေးသတ်ပုတ်တာကမှ နိုင်ချင်နိုင်ပါဦးမယ်။ ပထမညီလာခံတုန်းကလည်း ဒီလိုပဲ နှစ်ဆုပေးမယ် ပြောတယ်မဟုတ်လားတော့''

''အဲဒါတွေထပ်မပြောနဲ့။ ငါ အားလုံးကိုမေ့ပြီး အသစ်ကြိုးစားနေတယ်''

''ရှင် ကျုပ် သနပ်ခါးတုံး ခိုးရောင်းတာ ကိစ္စမရှိပါဘူးတော်။ လူကြားထဲရောက်လို့ ရင်ဖြင့် ဒေါသကို တတ်နိုင်သလောက် ထိမ်းပါ။ ကျုပ် စိတ်ပူတယ်တော့''

''ဟာ ဒီကောင်မကလည်း  ငါ့လာပြီး ပွတ်သီးပွတ်သတ်လုပ်နေ။ ဒီမှာ စာပေညီလာခံက အချိန်နီးကပ်နေပြီ။ မြန်မြန်လုပ်''

ဦးဖိုးလူက ကြယ်သီးတပ်ပေးနေတဲ့ မိန်းမဖြစ်သူကို ငေါက်လိုက်တယ်။ လက်ထဲမှာလည်း အပြာရောင်ဖိုင်တွဲကြီး ပိုက်လို့။

''သေချင်းဆိုး ကုလားနာ မြွေပွေးကိုက်။ ဒီက သနားလို့  လုပ်ကူနေတာ ချစ်လို့ များထင်မနေနဲ့။ စာမရီကို ဘယ်သူကမှ မငေါက်ဖူးဘူး။ ရော့ ကိုယ့်ဘာသာလုပ်''

''ဗြုတ်…''

ဒေါ်စာမရီက စောင့်ကြီးအောင့်ကြီးနဲ့ တပ်နေတဲ့ကြယ်သီးကို ဖြုတ်ခနဲ ဖြုတ်ချလိုက်တယ်။ ဦးဖိုးလူကတော့ ပါးစပ်အဟောင်းသားနဲ့။ ပွဲသွားပွဲလာခါနီး ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးလို့  ဦးဖိုးလူ ငြိမ်နေလိုက်တယ်။ ဒီကောင်မ ပြန်လာမှ သိမယ်လို့  စိတ်ထဲကလည်း ကြုံးဝါးလိုက်တယ်။

                                         (၅)

ဒုတိယအကြိမ် စာပေညီလာခံမှာ တက်ရောက်သူ ၆၅၀၀ ခန့်ရှိတယ်။ ညီလာခံသာပြီးသွားတယ်။ ဦးဖိုးလူ စကားလေးတစ်ခွန်းမှ မပြောလိုက်ရရှာဘူး။ ကျတဲ့နေရာကလည်း နောက်ဆုံးက။ နောက်ဆုံးတောင် ကြိုကြားထဲက နောက်ဆုံး။ လူတွေအရမ်းများတော့ ချေးစော် သေးစော်လည်း အရမ်းနံ။ တချို့ဆို ရေသာ တစ်လလောက်မချိုးတာ။ သုံးလာတဲ့ရေမွှေးက ကုလားထက်ပိုဆိုး။ အနံ့က အခြောက်အနံ့တွေ။ အော် တချို့များကတော့ စာပေညီလာခံကိုလာသလား ဓာတ်ပုံလာရိုက်သလားတောင် သေချာမကွဲဘူး။ သူတို့ အချင်းချင်းစကားပြောတဲ့အသံနဲ့ ညီလာခံကအသံ ဘာမှကို မကြားခဲ့ရတာ။ ဒီကြားထဲ ရွာတုန်းက ငနဲက  မော်ဒန်ကဗျာကို ကျောင်းသုံးစာအုပ်မှာ ထည့်သုံးဖို့  အဆိုပြုတင်သွင်းသေးတယ်။ ဥက္ကဌက ဒါဟာ ပညာရေးကဏ္ဍမို့  ပညာရေးဝန်ကြီးသက်ဆိုင်ကြောင်း  ယခုကိစ္စနဲ့ မသက်ဆိုင်ကြောင်း ပြောလိုက်လို့ သာ တစ်စခန်းငြိမ်းတာ။

စာပေညီလာခံကြီးပြီးလို့  သူများတွေ အလျိုလျိုထွက်သွားကြပေမယ့် ဦးဖိုးလူ ခုထိ ထိုင်ခုံပေါ်မထသေးဘူး။ မျက်လုံးထဲ သာညိုကို မြင်လိုက်၊ စာမရီကိုမြင်လိုက်၊ ရွာသူရွာသားတွေကိုမြင်လိုက်၊ အရက်ဆိုင်ထဲက ခနဲ့သံတွေကြားလိုက်နဲ့။ အိမ်ပြန်ရမှာကို ဦးဖိုးလူ ရှက်နေတယ်။ ဟုတ်တယ်လေ။ ရွာမှာတုန်းကပြောခဲ့ တလောကလုံးမှာ သူတစ်ယောပ်တည်းပဲ ရှိသလို။ ဒီဆု နှစ်ဆုဖြစ်အောင် ပြန်လုပ်မယ်လို့  မော်မော်ကြွားကြွား ပြောခဲ့တာ။ ခုတော့ သူ့ အဆိုက အောင်မြင်ဖို့ နေနေသာ စကားတစ်ခွန်းတောင် ထ မပြောလိုက်ရ။ သာညိုကို မျက်လုံးထဲ မြင်ယောင်လာတယ်။

ခန်းမကြီးထဲကနေ အားလုံးလိုလိုပြန်ပြီးတဲ့အချိန်ကျမှ ဦးဖိုးလူ ခန်းမဆီကနေ မသွားချင်သွားချင်ပုံစံနဲ့ ထွက်လာတယ်။ တနေရာအရောက်မှာ………

''မင်္ဂလာပါ ဦး ရှင့်။ ကျမတို့ Sky net ကနေ တိုက်ရိုက်ထုတ်လွင့်နေပါတယ်ရှင့်။ ဒီပွဲကို တက်ရောက်ပုံနဲ့ စာပေလောကအပေါ် အကျိုးပြုပုံလေး ပြောပြပါဦးရှင့်''

ဦးဖိုးလူ ဘေးဆီကို လှည့်ကြည့်လိုက်တယ်။

''ဟာ……''

Sky net အဖွဲ့တော်သားများက သူ့ ကို ဝိုင်းအုံနေကြတယ်။ မီးထိုးသူထိုး။ ကင်မရာ ချိန်သူချိန်။ မိုက်ခွက်ထိန်းသူထိန်းနဲ့။ ဦးဖိုးလူ အကြံတစ်ခု ရလိုက်တယ်။ ညီလာခံမှာ မပြောရပေမယ့် ရုပ်သံမီဒီယာမှာ ပြောရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးလား။ ပြီးတော့ ဂန္ထဝင်ကော မော်ဒန်ကော ခေတ်ပေါ်ကော သမိုင်းကော အကုန်ဝင်စေမယ့်စကားတစ်ခွန်းကို ဦးဖိုးလူက တစ်လုံးချင်းစီ ပြောလိုက်တယ်။

''အ ရူး တွေ''

                                  13/06/2018
                          Wed : PM: 04:30:00
                                    မောင်ချမ်းမွန်

မှတ်ချက်။       ။ထိုနှစ်က အမျိုးသားစာပေ ကဗျာဆုကို ဦးဖိုးလူ၏တပည့် ကဗျာဆရာသာညိုက ရရှိသွားခဲ့လေသည်။ ရေးသားပုံစနစ်မှာ ခေတ်ပေါ်ကဗျာ အပုဒ် ၄၀ နှင့် ဂန္ထဝင် ကဗျာ အပုဒ် ၄၀။ စုစုပေါင်း ကဗျာပုဒ်ရေ ၈၀ နှင့် ''စီးဆင်းရေ''ဟူသော ခေါင်းစဉ်ဖြင့် ရရှိသွားခဲ့လေတော့သည်။ ထို့ထက် ထူးဆန်းသည်မှာ ဦးဖိုးလူဆိုသည်မှာ သာမန်ကဗျာဆရာမဟုတ်ပဲ မော်ဒန်လောကတွင် တဟုန်ထိုးနာမည်ကျော်၍ လူရုပ်ကို တယောက်မှ မမြင်ဖူးသော ဆရာအာဠာဝက ဖြစ်သည်။ ဤသည်ကို ဆရာမောင်သာညိုမှ ကျွန်ုပ်ကို ပြောပြခဲ့ခြင်းပင် ဖြစ်၏။