Breaking News

သုဓမ္မဝတီ ပရိယတ္တိစာသင်တိုက်

သုဓမ္မဝတီပရိယတ္တိစာသင်တိုက်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာ–မကျီးကုန်းရွာ နှစ်ရွာ၏အကြားတွင် တည်ရှိ၏။ သုဓမ္မဝတီဟုဆိုလိုက်သည်နှင့် ငါန်းဇွန်မြို့နယ်တွင် မသိသူရှား၏။ အဘယ့်ကြောင့် မသိသူ ရှားသနည်း။ ထိုမေးခွန်းကို ကျွန်ုပ်တို့ အဖြေရှာရန်သာ ရှိ၏။

သုဓမ္မဝတီကျောင်းတိုက်ကြီးတွင် ဘဒ္ဒန္တပဏ္ဍိစ္စ၊ ဘဒ္ဒန္တအာသဖ၊ ဘဒ္ဒန္တသုန္ဒရ၊ ဘဒ္ဒန္တ ဣန္ဒာစာရ (ယ္ခုလက်ရှိ) ဟူ၍ အစဉ်အဆက် သာသနာပြုလာခဲ့ကြသည်။ သာသနာပြုလာခဲ့သော ဆရာတော်များထဲတွင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုန္ဒရမထေရ်သည် မူလကျောင်း၏အမည်မှ သုဓမ္မဝတီစာသင်တိုက်ဟူ၍ အမည်ပြောင်းလဲပြီး စာသင်တိုက်တည်ထောင်ခဲ့သည်။ ယင်းသို့ စာသင်တိုက်တည်ထောင်ပြီးနောက်တွင် ဆရာတော်ဘုရားကြီးသည် စွမ်းအားရှိသရွေ့ သာသနာပြုတော်မူခဲ့ပါသော်လည်း ကျောင်းတိုက်၏ အနေအထိုင်ဆင်းရဲခြင်း၊ စာချနာယကများ အားနည်းခြင်းကြောင့် မျှော်လင့်သလောက် မပေါက်ရောက်ခဲ့ပေ။ သို့ရာတွင်မူ ထိုခေတ်အခါက ဘုန်းတော်ကြီးကျောင်းပညာရေးသည် စာပေတတ်မြောက်လွယ်ခြင်း၊ သင်ကြားမှုစနစ်ကောင်းခြင်း၊ ရည်ရွယ်ချက်များကောင်းခြင်းတို့ကြောင့် ကျေးရွာနေလူငယ်များသည် အစိုးရအတန်းကျောင်းများကဲ့သို့ အတန်းပညာများကို မပိုင်ဆိုင်ကြသော်လည်း စာပေတတ်မြောက်ကြသူချည်း ဖြစ်၏။

ဆရာတော်ဘုရားကြီးသည် လောကုတ္တရာပညာရေးသာမက လောကီပညာရေးများဖြစ်သော ဂဏန်းသင်္ချာသင်ကြားမှု၊ သစ်တွက်နည်း၊ ပေတွက်နည်း၊ လောကနီတိ၊ လူ့ဘောင်ကျင့်ဝတ်၊ ရက်ကောင်းရက်မြတ်ရွေးနည်း၊ ဗေဒဝိဇ္ဇာ၊ အင်္ဂဝိဇ္ဇာစသည့်ပညာရေးများကိုလည်း သင်ကြားပေးလေ၏။ လောကုတ္တရာပညာရေးတွင်မူ နိုင်ငံတော်ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနမှကျင်းပသော အဘိဓမ္မာစာမေးပွဲများ၊ နိုင်ငံတော်အစိုးရမှကျင်းပသော ပထမပြန်စာမေးပွဲ၌ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများကိုလည်း မိမိ၏တပည့်များကိုလည်း  ဝင်ရောက်ဖြေဆိုရန် သင်ကြားပို့သ စာချခဲ့လေ၏။ ဆရာတော်ဘုရားကြီးသည် မိမိ၏ခန္ဓာဝန်စွမ်းဆောင်နိုင်ခဲ့သမျှ ကာလပတ်လုံး သုဓမ္မဝတီကျောင်းတိုက်တွင် သာသနာပြုခဲ့ရာ သက်တော် (၈၄) နှစ်၊ မြန်မာသက္ကရာဇ် ၁၃၆၀ ခုနှစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ကျောင်းတိုက်ကို ဆရာတော်ဘုရား၏ တပည့်ကြီးဖြစ်သော ယ္ခုလက်ရှိ ဆရာတော်ဘဒ္ဒန္တ ဣန္ဒာစာရထံတွင် လွှဲပြောင်းအပ်နှင်းခဲ့လေ၏။

ယ္ခုလက်ရှိ ဆရာတော်ဘုရားကြီးဖြစ်သော ဘဒ္ဒန္တ ဣန္ဒာစာရသည် ဆရာကောင်းတပည့် ပန်းကောင်းပန် ဟူသည်နှင့်အညီ သာသနာပြုရာတွင် ဆရာခြေရာကို အမီလိုက်၍ စွမ်းစွမ်းတမံ သာသနာပြုလေ၏။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊ တရားကျင့်သောသူကို တရားကပြန်လည်စောင့်ရှောက်၏ ဟူသကဲ့သို့ ယခုသုဓမ္မဝတီဆရာတော်ဘုရားကြီးသည် နေ့ညမပြတ် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့ခြင်း၊ ညနေတိုင်းညနေတိုင်း ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မနက်တိုင်း ညတိုင်း ဘုရားဝတ်တတ်မပြတ်ခြင်း၊ ပရိယတ္တိစာပေများကို သင်ကြားပေးခြင်းစသော အကြောင်းတို့ကြောင့် အခြားသူများနှင့်မတူ တမူထူးခြားစွာ ဘုန်းကံမြင့်မား၏။ ရှေးရှေးကုန်သော ဆရာတော်များ၏ လက်ထက်တွင်မူ ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင်များသည် သုံးဆောင်မျှသော ကျောင်းငယ်များသာရှိ၏။ 

ယခု ဆရာတော်ဘုရားကြီး၏ လက်ထက်တွင်ကား ဟောင်းနွမ်းသောကျောင်းဆောင်တို့ကို ပြုပြင်မွမ်းမံ၍ အသစ်အသစ်သောကျောင်းဆောင်တို့ကိုလည်း တည်ဆောက်၏။ ''ဂါမသုခ''ဟူသော နာရေးကူညီမှုအသင်းကိုလည်း တည်ထောင်ပြီး ကျေးရွာအကျိုးကိုလည်း ကောင်းမွန်စွာ ဆောင်ရွက်တော်မူ၏။ ထို့အပြင် ယခင် ဆရာတော်ဘုရားကြီးဖြစ်သော ဘဒ္ဒန္တသုန္ဒရမထေရ်မြတ်၏ ဆန္ဒအရ ဇိနမာရ်အောင် ဘုရားဝန်းကြီး၏အတွင်း၌လည်း ထိုင်တော်မူဆင်းတုတော်ကြီးကို အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ခဲ့ပြီး ယင်းထိုင်တော်မူ ဆင်းတုတော်ကို ဆရာသမား၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခြင်းကိုအစွဲပြု၍  ''ဆန္ဒတော်ပြည့်'' ဟူ၍ နာမတော်ကို ဆက်ကပ်လှူဒါန်းထားလေ၏။

သုဓမ္မဝတီကျောင်းတိုက်၏ လက်ရှိ ပဓာနနာယကဆရာတော်ဘုရားကြီးသည် မိမိ၏တပည့်များကို ပရိယတ်စာပေများ သင်ကြားရာတွင်လည်း ကျွမ်းကျင်လိမ္မာပါးနပ်၍ ကျမ်းအစုံစုံကို ကြည့်ရှုသင်ကြားပေးသည်။ ပရိယတ်စာပေဘက်တွင် မည်မျှ အားပေးမြှောက်စားသည်ဟူမူ နံနက်မိုးသောက် အလင်းမရောက်ခင်ပင် ကျောင်းတွင်းရှိ စာဖြေသံဃာများကို အော်ဟစ်နှိုးသည်မှာ ကျေးရွာနှစ်ရွာ၏ အစွန်းအဖျားကပင် ကြားရသည်ဟူ၏။ ထိုမျှပင်မကသေး ဆရာတော်ဘုရားကြီးသည် စာဖြေမည့်သံဃာတော်များကို နံနက်စောစောအိပ်ရာထပြီး စာကျက်ရာတွင် မအိပ်ငိုက်ရလေအောင် ကော်ဖီများကိုလည်း ကိုယ်တိုင်ဖျော်၍ ကျွေးမွေးလေ၏။ တောရွာစာသင်တိုက်ဖြစ်သည့်အတိုင်း သံဃာအပါးရေ (၆၀)ခန့်မျှသာ ရှိသော်လည်း ထိုအချိန်အခါက သံဃာများ၏ ဆွမ်းကွမ်းကိစ္စသည် တခါတရံတွင် ခဲယဉ်မှုများ ရှိတတ်လေ၏။ သို့ရာတွင် ဆရာတော်ဘုရားကြီးသည် ယင်းဒဏ်တို့ကို ခါစည်းခံ၍ ဖြတ်ကျော်လာခဲ့ပြီး ပရိယတ္တိစာပေများကို သင်ကြားပို့ချခြင်း၊ မိမိစာသင်တိုက်မှ စာဝါမချသော ဓမ္မာစရိယတန်းစသည်တို့ကို လေ့လာသင်ယူနိုင်ရန် မြို့သို့ ပို့လွှတ်ခြင်းတို့ဖြင့် သာသနာပြုလာခဲ့သည်မှာ ဘွဲ့ရသံဃာတော်များ၊ စာအောင်သံဃာတော်များ အများအပြား ပေါ်ထွန်းလာခဲ့သည်။ ပရိယတ္တိစာသင်တိုက် စတင်တည်ထောင်ပြီးသည်မှစ၍ စာမေးပွဲအသီးသီးတွင် အောင်မြင်တော်မူခဲ့သောသံဃာတော်များ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ အစိုးရပထမပြန် ပထမငယ်တန်းအောင် အပါးရေ ( ၅၃ )ပါး
၂။ အစိုးရပထမပြန် ပထမလတ်တန်းအောင် အပါးရေ ( ၄၁ )ပါး
၃။ အစိုးပထမပြန် ပထမကြီးတန်းအောင် အပါးရေ (၂၉ )ပါး
၎။ သာသနဓဇဓမ္မာစရိယဘွဲ့ရ အပါးရေ ( ၄ )ပါး
၅။ ဓမ္မာစရိယတန်း နှစ်ကျမ်းစွဲ အပါးရေ ( ၁ )ပါး
၆။ ဓမ္မာစရိယတန်း တစ်ကျမ်းစွဲ အပါးရေ ( ၆ )ပါး
၇။ သာမဏေကျော် လင်္ကာရ ဒုတိယဆင့် အပါးရေ ( ၂ )ပါး
၈။ ဝိနယဝိဒူဘွဲ့ရ အပါးရေ  ( ၂ )ပါး
၉။ ဘာသန္တရစာပေတွင် ဘီအေ ဘွဲ့ရ အပါးရေ ( ၃ )ပါး
၁၀။ ဘာသန္တရစာပေတွင် အမ်အေဘွဲ့ရ အပါးရေ ( ၄ )ပါး။

ဆရာတော်ဘုရားကြီးသည် ပရိယတ်စာပေတွင်သာမက ပဋိပတ်သာသနာတွင်လည်း လုံ့လဝီရိယစိုက်ထုတ်လျှက် စွမ်းစွမ်းတမံ သာသနာပြုလျှက်ရှိသည်။ သုဓမ္မဝတီစာသင်တိုက်ကြီးသည် ဆရာတော်ဘုရားကြီး ဘုန်းကံကြောင့်လည်းကောင်း၊ စာသင်သားများ၏ ကြိုးစားမှုကြောင့် လည်းကောင်း ယခု အခါတွင် ငါန်းဇွန်မြို့နယ်တွင် အထင်ရှားဆုံးသော တောရွာစာသင်တိုက် ဖြစ်လေ၏။ ထို့ကြောင့် သုဓမ္မတီစာသင်တိုက်ဟု ဆိုလေလျှင် မသိသူရှားလေ၏။

                        မောင်ချမ်းမွန်