Breaking News

လေးဖြူ သီချင်းဘယ်လိုဆိုသလဲနှင့် ကျွန်ုပ်၏အတွေးများ (၁)

အရာဝတ္ထုတိုင်းက တစ်စုံတစ်ရာကို ရည်ညွှန်းနေတတ်ကြပါတယ်။ သဘာဝအတိုင်းဖြစ်တည်လာတဲ့ သက်မဲ့အရာဝတ္ထုတွေတောင်မှ သူတို့ရဲ့ ရည်ညွှန်းချက်တွေဟာ အလိုအလျောက်ရှိနေတယ်။ ဥပမာဗျာ မြေကြီးထဲမှာ နှစ်ပေါင်းများစွာ အခြေတည်နေတဲ့ ''ကျောက်စိမ်းတို့ ပတ္တမြားတို့''စတဲ့ အရာဝတ္ထုတွေဟာ လူတွေဝတ်ဆင်အောင် တန်ဖိုးထားအောင်ဆိုပြီး ရည်ညွှန်းချက်တွေ မြေကြီးထဲကနေ ပေါ်ပေါက်လာကတည်းက တပြိုင်နက် ပါလာခဲ့တယ်။ သနပ်ခါးပင်ဟာလည်း လိမ်းခြယ်ဖို့ နံ့သာအမျိုးမျိုးပြုလုပ်ဖို့ ဆိုပြီး သူ့ ရည်ညွှန်းချက်တွေ ပါလာတယ်။ အဲဒီလိုပဲ လူတွေ ပြုပြင်စီရင်ထားတဲ့အရာဝတ္ထုပဲဖြစ်ဖြစ် မပြုပြင်ပဲ သဘာဝအတိုင်း အလိုလျောက်ဖြစ်တည်နေတဲ့ အရာဝတ္ထုပဲဖြစ်ဖြစ် သူ့ ရဲ့ စံချိန်၊ ရည်ညွှန်းချက်၊ တန်ဖိုးတွေဟာ ယှဉ်တွဲပြီး ပါလာတတ်ပါတယ်။

ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်တော်နားထောင်ဖူးခဲ့တဲ့ သီချင်းတွေထဲက IC အဖွဲ့ရဲ့ သီချင်းတွေဟာ အလွန်အင်မတန် နှစ်သက်သဘောကျလို့မဆုံး ဖြစ်ရပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ နှစ်သက်မှုကို ပြောပြတာပါ။ ကျွန်တော် အရမ်းကြိုက်တဲ့အခြားအဆိုတော်တွေ မနည်းမနောပါပဲ။ ဒီနေရာမှာ IC အဖွဲ့လို့  ရည်ညွှန်းလိုက်ရတဲ့အကြောင်းရင်းက ဒီစာပိုဒ်မှာ IC အဖွဲ့ရဲ့အဖွဲ့ဝင် ကိုလေးဖြူသီချင်းတွေနဲ့ပက်သက်ပြီး ပြောပြချင်လို့ပါ။

IC အဖွဲ့ရဲ့ သီချင်းတွေဟာ  MODERN ဆန်လွန်းလှသလို အဓိပ္ပါယ်ရဲ့ရည်ညွှန်းချက်  သီချင်းရဲ့ရည်ညွှန်းချက်တွေက အလွန်အင်မတန် လူငယ်တွေကို အထောက်ကူဖြစ်စေတဲ့အပြင်  အသိုင်းဝိုင်းအမျိုးမျိုးဘက်ကနေ ချဲ့ထွင် တွေးမြင်နိုင်ပါတယ်။ ကျွန်တော်က ရဟန်းတစ်ပါးဖြစ်တဲ့အတွက် ကျွန်တော်ရဲ့သုံးသပ်မှုတွေ၊ ကျွန်တော့်ရဲ့ အတွေးအမြင်တွေက တခါတရံ ဘာသာရေးဆန်ဆန် ဖြစ်နေခဲ့တဲ့အခါ သင် ခွင့်လွှတ်ပေးနိုင်ရင် ခွင့်လွှတ်ပေးဖို့ သင်ရဲ့ခန္တီနဲ့ မေတ္တာတရားကို လှုံ့ဆော်ပေးပါရစေ။

လေးဖြူဟာ ဘယ်သူလဲဆိုတာထက် လေးဖြူဆိုတဲ့သီချင်းတွေ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို ဘယ်လိုပန်းဝင်စေသလဲဆိုတာ ကျွန်တော်အဓိကပစ်မှတ်ဖြစ် ရေးသားပြပါမယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့အတွေးအခေါ်ဟာ သဘာဝမကျတဲ့အပြင် အဂတိတရားတွေနဲ့ မကင်းလွတ်တတ်လို့ပါ။ မနေ့က ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို လေးဖြူသီချင်းနဲ့ပက်သက်ပြီး အယူအဆခြင်း ဖလှယ်ခဲ့ပါတယ်။ သူဟာ မနှစ်က M.A စာမေးပွဲ ဖြေဆိုခါနီး PRESSURE ဖြစ်နေတဲ့အချိန်အခါမှာ လေးဖြူသီချင်းတွေကို ဆိုညည်းရင်း စိတ်ကို လျော့ချခဲ့ရပါသတဲ့။ မှန်ပါတယ်။ လေးဖြူရဲ့သီချင်း အတော်များများဟာ အချစ်ကို ရည်ညွှန်းသလိုနဲ့ ဘဝကို ခွန်အားပေးတဲ့ စကားသံတွေဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ စိတ်အားငယ်တဲ့အချိန်၊ တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်မျိုးဆိုရင် လေးဖြူသီချင်းနဲ့ အထီးကျန်မှု  အားငယ်မှုတွေနဲ့ သိမ်ငယ်မှုတွေကို တွန်းလှန်ပစ်တတ်ကြပါတယ်။

''လေးဖြူရဲ့သီချင်းတွေဟာ စာပေသဘောတရားနဲ့ပြောရင် တက်ကျမ်းပုံစံပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေမပါဝင်ပေမယ့် အဲဒီနည်းလမ်းတွေရှာတွေ့ဖို့ ၊ ရှာတွေ့တဲ့နည်းလမ်းတွေကို ခွန်အားပြည့်ပြည့်ဝဝ အသုံးပြုဖို့အတွက် စိတ်ရဲ့ POWER တွေကို ဖြည့်စွမ်းပေးနိုင်တယ်''လို့  သူငယ်ချင်းက ဆက်ပြောပါတယ်။ သူပြောသလို လေးဖြူသီချင်းတွေကို စိတ်လွတ်ကိုယ်လွတ် ဆိုကြည့်တဲ့အခါ တကယ်ကို ခွန်အားတွေအသစ် မွေးဖွားလာသလိုပါပဲ။ ကမ္ဘာပေါ်မှာ သီချင်းဆိုရင်း တိုက်ပွဲဝင်နေသူလည်း ရှိကောင်းရှိနိုင်ပါတယ်။ သီချင်းဆိုရင်း နေပူထဲမှာ အလုပ်လုပ်နေသူလည်း ရှိကောင်းရှိနိုင်ပါတယ်။ သီချင်းဆိုရင်း ရုံးအလုပ်လုပ်သူ၊ သီချင်းဆိုရင်း ကား ဘော်ဒီထုသူ၊ သီချင်းဆိုရင်း လက်ဖက်ရည်ဖျော်သူ၊ သီချင်းဆိုရင်း ကားမောင်းသူ၊ သီချင်းဆိုရင်း ခရီးသွားသူ၊ သီချင်းဆိုရင်း ထမင်းချက်သူ၊ သီချင်းဆိုရင်း ထင်းခွဲနေသူ၊ သီချင်းဆိုရင်း ရေခပ်နေသူ၊ သီချင်းဆိုရင်း ဘက်စ်ကားစီးသူ၊ သီချင်းဆိုရင်း ငါးမျှားနေသူ၊ သီချင်းဆိုရင်း လယ်ထွန်နေသူစသည်ဖြင့် အများအပြားရှိနိုင်ပါတယ်။ မိမိတို့သီဆိုတဲ့သီချင်းတွေဟာ တစ်နည်းအားဖြင့် သီဆိုကြတဲ့မိမိတို့ စိတ်ကို ရသအဖုံဖုံ ပေးကြမှာအမှန်ပါပဲ။ ကီးကိုက်တာ မကိုက်တာနဲ့  အသံကောင်းတာ မကောင်းတာက  သီချင်းဆိုလိုက်လို့ ရရှိလာတဲ့ခွန်အားအပေါ်ကို တစ်စုံတရာအကျိုးသက်ရောက်မှု မရှိပါဘူး။ ကဲ ကိုလေးဖြူရဲ့ '' ငါ့ရဲ့လမင်း '' ဆိုတဲ့သီချင်းလေးကို ဆိုကြည့်လိုက်ရအောင်------

xxxxx အရှုံးတွေထဲငါ လဲပြိုရင်း
အတိတ်တို့ထဲ ငါ ပျောက်ဆုံးချိန်
မြင်နို်င်တယ် ငါ့အနာဂတ်တို့ မှေးမှိန်
ငါဟာ ကျဆုံးချိန်
ငါ့ရဲ့ နံဘေးကို မင်းဝင်လာပြီး
လဲပြိုကျသူ ငါ့ကိုထူပြီး
အဆီအငေါ်မတည့်တဲ့ ငါ့ရဲ့ စကားတွေ
နင်ဟာ ခွင့်လွှတ် သည်းခံရင်း
တန်ဖိုးများမရှိတော့ဘူးလို့ငါထင်နေတဲ့ဘဝ
မင်းရဲ့ လက်မှာငါ တခါပြန်လည်ကာ
အသက်ဝင်တောက်ပ

ဝိုး…ဝိုး… xxxxx
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ
ငါ့ကိုဆယ်ရင်း..
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ
တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့
နင်ဟာ ငါ့အတွက်တော့
ငွေလမင်း..xxxxx

ဒီသီချင်းကို ကိုလေးဖြူက အချစ်သီချင်းအဖြစ် သီဆိုထားလေသလားတော့ ကျွန်တော်မပြောတတ်ပါဘူး။ လူသားတိုင်းရဲ့ အတွေးအခေါ်ဆိုတာက မိမိနေထိုင်တဲ့ပတ်ဝန်းကျင်ဘက်ကပဲ အမြဲလိုလိုတွေးတတ်တော့ ကျွန်တော်လို ရဟန်းတစ်ပါးအတွက် ဘာသာရေးဘက်ကနေ တွေးကြည့်မိတာပါပဲ။ ဒီသီချင်းထဲမှာ သူဟာ အရာရာ ရှုံးနိမ့်ပြီး  အရာရာကို လက်လွှတ်လိုက်ရလို့  သူ့ ဘဝမှာ ဘာမှလုပ်ချင်စိတ်မရှိလောက်အောင်ကို ဖြစ်နေတဲ့အချိန်။ ဘယ်သူမှ မိမိကိုအဖက်လုပ်မပေါင်းသင်းတဲ့အချိန်မှာ ကိုယ့်နံဘေး လာရပ်နေသူက ကိုယ့်ရဲ့ ကယ်တင်ရှင်ပဲ။ ဒါဟာ လက်တွေ့ဘဝမှာလည်း ဖြစ်နေကျ သဘာဝတွေပါပဲ။ ငယ်ငယ်က ကျောင်းထဲမှာပဲဖြစ်ဖြစ်  လုပ်ငန်းတစ်ခုခုမှာပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က မိမိကိုအဖက်လုပ်ပြီး အရေးတယူမရှိတဲ့အခါ  မိမိဆီ စကားလာပြောသူ  ဖေးမသူ ကူညီတဲ့သူဟာ မိမိရဲ့ အကြီးမားဆုံးပတ်ဝန်းကျင်ပါပဲ။ မိမိရဲ့ကယ်တင်ရှင်ဖြစ်တဲ့သူသာ ဖျားနာမှု  အနိုင်ကျင့်ခံရမှု  ချောက်တွန်းခံရမှုများ ကြုံလာတဲ့အခါဆိုရင် မိမိတို့ ဟာ ကိုယ်ကျောင်းကအထုတ်ခံရမှာလည်း ဂရုမစိုက်၊ အလုပ်ကအထုတ်ခံရမှာလည်း ဂရုမစိုက်ပဲ မိမိကယ်တင်ရှင်ဘက်ကသာ အမြဲတစေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရဲကြပါတယ်။ ဒါဟာ ဘဝတစ်ခု ဖြစ်တည်ရခြင်းရဲ့ ကြီးမားတဲ့ အဓိပ္ပါယ်ရှိမှုပါပဲ။

ဘာသာရေးရှုထောင့်ကနေ ကြည့်ရမယ်ဆိုရင် လူတစ်ယောက်ဟာ သူ့ ရဲ့အတွေးအခေါ်ကြောင့်ပဲဖြစ်ဖြစ်၊ သူ့ရဲ့ပတ်ဝန်းကျင် လူနေမှုစရိုက်ကြောင့်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို လက်လွှတ်ရဖို့  သို့ မဟုတ် ဘဝတစ်ခုလုံး ဆုံးရှုံးရဖို့  ဖြစ်လာခဲ့ပြီ ဆိုပါစို့။ အဲသည်အချိန်မှာ ရခဲတဲ့လူ့ဘဝကို လွယ်လွယ်ကူကူ အဆုံးသတ်မပစ်ဖို့ ဘာသာရေးအဆုံးအမကို သူ တစ်နေရာရာကနေ ကြားသိလာခဲ့မယ်ဆိုရင် အဲဒီဘာသာရေးဟာ သူ့ ရဲ့ နတ်သမီးပါပဲ။ သူ့ ရဲ့ပျော်ရွှင်မှုတွေ ပြန်လည် သယ်ဆောင်လာခဲ့ပေးနိုင်ခြင်း၊ သူ့ရဲ့မျှော်လင့်ချက်တွေ တဖန်ပြန်လည် နိုးထလာနိုင်ခြင်း၊ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်၊ သူ့ ရဲ့အောင်မြင်မှု၊ သူ့ ရဲ့ တောက်ပနေတဲ့အနာဂါတ်တွေ ပြန်လည်ရှင်သန်လာစေတဲ့ ဘာသာရေးအဆုံးအမဆိုရင် အဲဒီအဆုံးအမဟာ သူ့ အတွက် နတ်သမီးပါပဲ။ သေဆုံးနေတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ သူ့ ရဲ့ဘဝကို ပြန်လည် အသက်သွင်းပေးတဲ့ ကျေးဇူးရှင် နတ်သမီးတစ်ပါးပါပဲ။ သင် ဂရုစိုက်ရမှာက သင့်ကို ကယ်တင်တဲ့နတ်သမီးကို ပြန်လည်ကျေးမစွပ်ဖို့နဲ့ ပြန်လည်မတိုက်ခိုက်ဖို့ ပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်ကို ရှင်လျက်နဲ့ သေနေတဲ့ဘဝကနေ သင့်ကို ပြန်လည် ရှင်သန်လာအောင် ပြုလုပ်ပေးနေလို့ပါပဲ။

xxxx ငါ့အိမ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ
နင်ဖန်ဆင်း..တဲ့ ငါ့ဘဝမှာ
အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ ပန်းတိုင် ငါတွေ့ ပြီ
နင်ဟာလမ်းပြတယ်
နင်ဟာ ငါ့ရဲ့ နတ်သမီး xxxxx

ကျွန်တော် စောစောကပြောသလိုပါပဲ။ ကိုယ် ကျရှုံးနေတဲ့အချိန်မှာ ကိုယ့်နံဘေးကနေ ကိုယ်နဲ့အတူရပ်တည်ပေးတဲ့သူဟာ ကိုယ့်ရဲ့ကယ်တင်ရှင်၊ ကိုယ့်ရဲ့ နတ်သမီးပါပဲ။ အဲဒီကနေ မွေးဖွားလိုက်တဲ့ ခွန်းအားအသစ်တွေက နောက်တဖန် ထပ်မံဖြစ်ဖို့ ဆိုတာ တော်ရုံတန်ရုံ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သုညဒီဂရီအထိ ကျဆင်းသွားတဲ့ စိတ်ဓာတ်ကနေ ပြန်လည်ပြည့်ဝလာတဲ့အတွက် ပြည့်ဝနေမှုမှတဆင့် အကြောင်းအရာအမျိုးမျိုးကြောင့်  power ကျဆင်းသွားခဲ့ရင်တောင် ကိုယ့်ရဲ့ နတ်သမီးက တချိန်ကပေးခဲ့တဲ့ အတွေးသစ်အမြင်သစ် ခွန်အားသစ်တွေ ပြန်လည်တွေးဆပြီး ခွန်အားတွေ ပုံမှန်အတိုင်း တိုးပွားလာနိုင်ပါတယ်။ ပြောချင်တာက ထပ်ပြီး ရှုံးနိမ့်ခဲ့ဦးမယ်ဆိုရင်တောင် အဲဒီရှုံးနိမ့်မှုက သင့်ကို ကြာကြာလက်သင့်ခံမှာမဟုတ်ပဲ အောင်မြင်မှုတွေဆီကို ရောက်အောင်ပြန်လည် ပို့  ဆောင်ပေးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ နေ့စဉ်နားထောင်နေတဲ့သီချင်းတွေက ကျွန်တော်တို့ ကို ရသတစ်မျိုးစီ ပေးနိုင်ကြပါတယ်။ မူလဘူတပေးတဲ့ ရသကနေ နောက်တဆင့်တိုးဖို့ရာအတွက်က မိမိတို့ရဲ့ အတွေးအမြင်နဲ့သာ သက်ဆိုင်ပါတယ်။ ဒါကတော့ ကျွန်နော့်ရဲ့အတွေး သက်သက်မျှသာ ဖြစ်ပါတယ်။


    မောင်ချမ်းမွန်
01/06/2018/fri