Breaking News

မေတ္တာဟာ ဒီဘဒ္ဒကမ္ဘာမှာ ကွယ်ပျောက်သွားခဲ့သလိုလို

စမ်းချောင်းရေဟာ ခမ်းခြောက်
ပက်ကြားတွေအက်ပြီး ပျော်ရွှင်မှုတွေ အတောင့်လိုက် သေတယ်
ဒီနေရာမှာ သွေးပွက်ပွက်အန်နေတဲ့ စိတ်တွေ
ကမ်းပါးပြိုလို့ သစ်ပင်လဲသလား။

မင်းရှိတဲ့အရပ်က အခက်ခဲ
ငါ့ဆီကို လာပါစေ
ရင်ဘတ်အသစ်နဲ့ ခွင်းပြမယ့် စွမ်းအင်တွေ
မင်း မရှိရင်တော့ ဖြစ်မှာမဟုတ်ဘူး
ဒီလိုနဲ့လည်း  အစိမ်းလိုက် သေရဲတယ်
မရွှေဥလို ကျားဆွဲခံရဲတယ်
ဗျတ္တလို  တံကျင်လျိုခံရဲတယ်။

မုသားကျူးမှ အချစ်လူးရမယ်ဆို
ရိုးတွင်းဆီထဲမှာ တွယ်ငြိနေတဲ့ မင်း
ငါ မျက်လုံးနှစ်ဖက် စုံမှိတ်ပြီး ငြင်းပါရစေ
မုသားချိုမှ မင်းရဲ့ကမ္ဘာ နုပျိုမယ်ဆို
အပ်တိုတစ်ချောင်းနဲ့
နျူစစ်ပွဲ နွှဲရပါစေ။

မေတ္တာရဖို့ တခြားလူကို သစ္စာတွေမဲ့ပြနေရတာနဲ့
ကြာတော့ ……
တစ်ဘဝလုံး မားမားမတ်မတ်နေခဲ့တဲ့ ကျောရိုးလည်း ကွေးညွတ်ကုန်ပြီ
ဒီဘဒ္ဒကမ္ဘာမှာ
မေတ္တာက ကွယ်ပျောက်သွားခဲ့သလိုလို
ဟော……ချိတ်ထမီနဲ့
ဘယ်တော့မှမပွင့်တော့တဲ့ ပန်း
မေတ္တာဟာ အငွေ့စားတဲ့ နတ်စိမ်းမဟုတ်ဘူး။

ကမ္ဘာဂြိုလ်ကနေ ထွက်ပြေးချင်တဲ့စိတ်
ဥပေက္ခာဆေးခါး သောက်သုံးရတဲ့အခါ ဖြစ်တယ်
ကမ္ဘာဂြိုလ်မှာ ခြေမချချင်တဲ့စိတ်
လက်ညှိုးတွေ ကွေးညွတ်ကုန်တဲ့အခါ ဖြစ်တယ်
ကမ္ဘာဂြိုလ်ကို စိတ်နာနေတဲ့ စိတ်
ကိုယ့်ချစ်သူက မျက်မှောင်ကျုံ့တဲ့အခါ ဖြစ်တယ်
ကမ္ဘာဂြိုလ်ကို မီးလောင်တိုက် သွင်းချင်တဲ့ စိတ်
မိဘပစ်ထားတဲ့ သားတစ်ယောက်ဆီမှာ ဖြစ်တယ်
ကျမ်းစာအရမဟုတ်ပဲ
ဘဒ္ဒကမ္ဘာဟာ မေတ္တာခမ်းလာသလိုလို။

လောင်နေတဲ့မီးထဲက အေးငြိမ်းမှု
ပြေးနေတဲ့ ဘဝထဲက ရပ်တန့်မှု
ငိုကြွေးနေတဲ့ မျက်ရည်ကြားက ကြည်နူးမှု
သံသယတွေကြားထဲက ခိုင်မာမှု
တကယ့် ငြိမ်းချမ်းမှုက  ဘာကိုမှမမျှော်လင့်ပဲနေတဲ့အချိန်။
အစာငတ်တဲ့အခါ ဝက်တွေအော်ညဉ်းသလို
မေတ္တာကို မွတ်သိပ်တဲ့အခါ လူတွေဆူညံလာတယ်
အိုရှိုးလား ဂန္ဒီလား
ယန်းပေါဆတ်လား  လောက်ဇူလား
အတ္တဟာ ရေထိုးထားတဲ့ ရောင်းကြက်
အနိုင်ကျင့်မှုက အလေးခိုးထားတဲ့ ချိန်ခွင်
တရားမမှုကြီးမှာတော့ ဦးနှောက်ထဲမှာ ဒဿနတွေ ပြည်ဝင်ခွင့်ပိတ်ခံထားရတယ်
ဒီကမ္ဘာ…
ဘယ်နေ့ ယမ်းငွေ့ဆဲ…မလဲ။

သက္ကရာဇ်တွေက အချဉ်တည်ထားသလိုမျိုး
သက္ကရာဇ်ထဲက ကျည်ဆံတွေဟာ
မြင်ယုံနဲ့ ……ချဉ်တယ်။

ပြောတော့ သံလွင်သစ်ခက်သယ်ဆောင်လာတာ ချိုးဖြူဆို
ချိုးဟာ မဖြူပဲ မဲမဲလာ
သစ်ခက်ဟာ တဖြည်းဖြည်း နွမ်းကြေသွား
မေတ္တာတရားတွေလည်း……
တရိပ်ရိပ်နဲ့ အမှောင်ကြီးစိုးကုန်တယ်
ဘဒ္ဒကမ္ဘာ တနေ့နဲ့တနေ့ ကျဉ်းမြောင်းလာသလို။

မင်းနဲ့……ငါ
အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ရတာ
ဥရောပကမ္ဘာနဲ့ ဆိုင်တယ်
အမည်ခံ ကလောင်တွေနဲ့ ဆိုင်တယ်
အမေရိကနဲ့ ဆိုင်တယ်
တရုတ်နဲ့ ဆိုင်တယ်
ပလူတိုနဲ့ ဆိုင်တယ်
ဒေးကာနက်ဂျီနဲ့ ဆိုင်တယ်
မာသာထရီဆာနဲ့ ဆိုင်တယ်
ပန်းမပွင့်တဲ့ သေနတ်နဲ့ဆိုင်တယ်
ပန်းပွင့်ယောင်အဆိပ်နဲ့ ဆိုင်တယ်
စစ်သားလူထွက်နဲ့ဆိုင်တယ်
သူပုန်လူထွက်နဲ့ ဆိုင်တယ်
ထောင်ထွက်နဲ့ ဆိုင်တယ်
ဗေဒင်ဆရာနဲ့ ဆိုင်တယ်
နတ်ယောင်ဆောင်တွေနဲ့ ဆိုင်တယ်
---------  ဆိုင်တယ်
---------  ဆိုင်တယ်
------------
----------------
---------------------
ငါတို့……ဘယ်ဂြိုလ်ကို ထွက်ပြေးရင် ကောင်းမလဲ။

ပျားသလပ်စားရဖို့ ပျားဥ ညှစ်ထုတ်ရသလို
အတ္တတွေ ဝေ,ဖို့ မေတ္တာတွေ အစိမ်းသက်သက် ခြွေ,ကြ
လောကပါလဆိုတာ သေနတ်နဲ့ စောင့်တယ်
ဘယ်မှာလဲ ချစ်ခြင်းတရား…?

ဂျိုးဖြူကို ပဝါနဲ့ဖမ်းတော့
သစ်ခက်လည်း……ကြွေပေါ့
ငှက်လည်း……သေပေါ့
ဒီဘဒ္ဒကမ္ဘာမှာ ငြိမ်းချမ်းရေး မရှိတော့ဘူး။

အဲဒီလိုပဲ !
စမ်းချောင်းရေ ခမ်းခြောက်
ပက်ကြားအက်ပြီး ပျော်ရွှင်မှုတွေ အတောင့်လိုက် သေတယ်
သွေးပွက်ပွက်အန်နေတဲ့ စိတ်တွေ
မေတ္တာဟာ ဒီဘဒ္ဒကမ္ဘာမှာ ကွယ်ပျောက်သွားခဲ့သလိုလို
ကမ်းပါးပြိုလို့လည်း သစ်ပင်တွေ လဲခဲ့ပါတယ်။          ။


           မောင်ချမ်းမွန်
     07-05-2018-Mon
        PM:12:07:00