Breaking News

ငါ့မြို့ ငါ့မည် ငါ့မန္တလေး

မန္တလေးမြို့တွင် မန္တလေးကိုချစ်သောသူများ အများအပြားရှိသည်။ တစ်ချို့က မန္တလေးမှာချက်မြုပ်ပြီး မန္တလေးကို ချစ်သည်။ တစ်ချို့က မန္တလေးမှာချက်မမြုပ်သော်လည်း မန္တလေးတွင်အနေကြာပြီး မန္တလေးကို ချစ်သည်။ မန္တလေးမြို့သည် လူမျိုးစုံသည်။ စရိုက်စုံသည်။ တိုးတက်ရာလမ်းကြောင်းတွေနှင့် ဆုတ်ယုတ်စရာနေရာတွေလည်း အများအပြား ရှိသည်။ ထိုထဲတွင် မန္တလေးမှာအနေကြာပြီး မန္တလေးကိုချစ်မြတ်နိုးသော လူငယ်တစ်ယောက်အကြောင်း ပြောပြလိုပါသည်။

အထ၀ါစိုး(မန္တလေး)နှင့် ကျွန်တော်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၄ နှစ်ခန့်က ကွဲကွာခဲ့သည်။ သူသည် ကျွန်တော်နှင့်ဇာတိချက်ကြွေတူပြီး သူ့ကို မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မကျီးကုန်းကျေးရွာလေးတွင် ဖွားမြင်ခဲ့သည်။ လူပုံက ရိုး၏။ လေးနက်ပုံ ဆောင်၏။ သူသည် အရာရာကို စေ့ငုစွာစဉ်းစားတတ်သလို မျိုးချစ်စိတ်လည်း လွန်စွာထက်သန်ပုံရ၏။ မန္တလေးမြို့ကြီးနှင့်ပက်သက်ပြီး သူ၏ရင်တွင် ပြောချင်စရာတွေ အများအပြား ရှိနေဟန်တူ၏။ စံတော်ချိန်၏ မြေတောင်မြှောက်ပေးမှုကြောင့် သူ၏လက်သည် ကလောင်ကိုင်သော လက်ချောင်းလေးများ ဖြစ်လာခဲ့သည်။ ထိုအခါ သူချစ်သောမန္တလေး သူဘ၀င်မကျသော မန္တလေးလှုပ်ရှားမှုများကို စာပေဖြင့် ပြုပြင်ယူကြည့်သည်။ သူ၏စာပေ လက်ရာထဲတွင် ကျွန်တော်သတိထားမိသည်မှာ ငါ့မြို့ ငါ့မည် ငါ့မန္တလေးဆိုသည့် ကဗျာပင် ဖြစ်သည်။ ယင်းကဗျာကို စံတော်ချိန်သတင်းစာတိုက်က မန္တလေးအချပ်ပိုကဏ္ဍတွင်လည်း ဖော်ပြပေးသလို စံတော်ချိန်၏ သုံးနှစ်ပြည့် အထိမ်းအမှတ်စာအုပ်တွင်လည်း ဖော်ပြထားသည်။ ပိုဒ်ရေအားဖြင့် ၁၁ ပိုဒ်မျှရှိပြီး သူပြောချင်သည့်စကားလုံးများကို ဖွင့်ချထားသည်။ ပထမပိုဒ်နှင့် ဒုတိယပိုဒ်တွင် သူက
* ငါ့မြို့ ငါ့မည် ငါ့မန္တလေး
ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ သာရှု
ငါ မူစရာ ဘာလိုလဲ။
* ခုတော့ ----
ငါ့ကိုယ်ငါ အသံတိတ်နဲ့ စောင့်ရှောက်
သင်တို့လူတစ်လုံး သူတစ်လုံးဖြစ်မှ
ထိပ်ခေါက်မှာ ကြောက်နေရတယ်။

ကဗျာရေးသူ အထ၀ါစိုး(မန္တလေး)သည် မန္တလေးမြို့ကြီးနှင့်ပက်သက်ပြီး ရင်တနင့်နင့် ခံစားနေရဟန်တူ၏။ အစပထမဦးက မန္တလေးမြို့တွင် မန္တလေးသားများသာရှိလေတော့ မန္တလေးမြို့ကြီးခမျာ မြင်သမျှအရာအားလုံးကို မြင်လျှင် မြင်သည်ဟုသာ ကြည့်ခဲ့ပုံရသည်။ စည်းကမ်းတကျရှိသောမြို့နှင့် စည်းကမ်းလိုက်နာသော ဥပဒေလေးစားသော မန္တလေးမြို့သားတွေကြောင့် သူ့ကိုယ်သူ ရိုးရိုးလေးမျှသာ ပြန်မြင်ခဲ့သည်။ ဤသည်ကို မန္တလေးမြို့ကြီးက ကျေနပ်ဟန်တူ၏။ လူရည်လူမွန်တို့နေထိုင်သော ယဉ်ကျေးမှုအစဉ်အလာ ရှိသောပုဂ္ဂိုလ်တို့ကြောင့် မန္တလေးမြို့ကြီးသည် စကားမပြောနိုင်သော်လည်း မန္တလေးသားအဖို့ ဂုဏ်ယူနေသော သဘောရှိသည်။

သို့ရာတွင် နှစ်ပေါင်းများစွာကြာလာသောအခါ မန္တလေးတွင် သွေးရောလာခဲ့သည်။ အပြင်လူတွေရောက်လာသည်။ အဝေးဧည့်သည် ပေါများလာသည်။ ထိုတွင်မကပဲ စည်းကမ်းဖောက်သောလူသူလေးပါးတို့ တဖြည်းဖြည်း များလာဟန် ရှိ၏။ ထိုအခါ မန္တလေးမြို့သည် သူ့ကိုယ်သူ အေးဆေးငြိမ်သက်နေခဲ့သမျှ ယခုအခါ ကြောက်ရွံ့မှုတရားများ ဖြစ်ပေါ်လာခဲ့သည်။ မန္တလေးကို ခုတုံးလုပ်၍ လူအများကြီးပွားချမ်းသာ သွားကြသော်လည်း မန္တလေးမြို့ကြီးကို ဂရုစိုက်သူနည်းပါးနေသောကြောင့် မန္တလေးမြို့ကြီးခမျာ ပျက်စီးသွားမည်ကို ကြောက်ရွံ့နေသည်။ ဤသည်ကို မြင်သော အထ၀ါစိုး(မန္တလေး)က အထက်ပါအတိုင်း ထပ်တူခံစားပြီး ရေးဖွဲ့ခဲ့သည်။

* မ ပါရစေဆိုတဲ့လက်
မသင်ဘဲ တတ်တဲ့ ဒီအတတ်
ငါ့အရပ်မှာ အတ္တဖိနပ် ချွတ်ခဲ့။
* ရက်ရက်ရော လက်လွန်နေမိတဲ့ လောက၀တ်တွေနဲ့
ငါ့ကို ရိသလို တိသလို မချိသလို မလုပ်နဲ့
ငါ့မျိုးရိုးဗီဇကြည့် အာဂသတ္တိနဲ့။
* ပေးဆပ်သင့်သလောက် ပေးဆပ်ပြီးပြီ
ရင့်ကျက်သင့်သလောက် ရင့်ကျက်ပြီးပြီ။

ကဗျာဆရာသည် အတ္တကြီးသောအရပ်တွင် နေထိုင်ရဟန်ရှိသည်။ ပညာတတ်အကျော်အမော်များ ပေါများသော၊ ငွေကြေးဥစ္စာချမ်းသာသော၊ ဂုဏ်ပကာသနကို ကိုးကွယ်သော နေရပ်တွင် ကြီးပျင်းလာသောကြောင့် ယင်းအရာတို့ကို ရွံ့မုန်းနေဟန် ရှိ၏။ မန္တလေးမြို့ကြီးတွင် ပညာတတ်များ ပေါများပါ၏။ ငွေကြေးချမ်းသာသူများ ပေါများပါ၏။ ဂုဏ်ပကာသနကို ကိုးကွယ်သောသူများလည်း ပေါများလွန်းလှ၏။ သို့ရာတွင် သူတို့သည် မိမိတို့၏ကြီးပွားမှုကိုသာ အဓိကထားပြီး မန္တလေးမြို့၏ ကျန်းမာရေး၊ မန္တလေးမြို့၏ သာယာရေးကို မျက်ကွယ်ပြုထားသည် ထင်သည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့်စိတ်ထားဖြင့် ကြီးပွားချမ်းသာနေသောသူတို့ကို မန္တလေးမြို့ကြီးက နှလုံးအော့ဟန် တူ၏။ ယင်းကို ကဗျာဆရာက ကျေကျေနပ်နပ်လက်ခံနေထိုင်ခွင့်ပြုသော မန္တလေးမြို့ကြီးကို မစော်ကားမိဖို့ စေတနာဒေါသဖြင့် မန္တလေးမြို့၏ မျိုးရိုးဗီဇကို ကြည့်ခိုင်းသည်။

မှန်သည်။ မန္တလေးမြို့တွင် စာပေအနုပညာရှင်များ၊ သူရသတ္တိရှိသူများ၊ နိုင်ငံအတွက် အသက်သွေးပေးဆပ်သူများ အများအပြားရှိသည်။ သီပေါဘုရင်ခေတ်ကကဲ့သို့ မန္တလေးမြို့၏ အုံကြွမှုမဖြစ်စေရန် သူပေးဆပ်သလောက် သည်းခံခြင်း ခန္တီကိုလည်း အတင်းဖက်တွယ်ထားဟန် ရှိ၏။ ယင်းကို ကြည့်လျှင်ပင် မန္တလေးမြို့ကြီးသည် မန္တလေးတွင် နေထိုင်သူတို့ကို နာကျည်းနေပုံရ၏။

* ဆိုင်းဘုတ်တွေ နေရာမလပ်
သင်တို့ အလွတ်မရသေးဘူး
ဒါ စာရိတ္တမဏ္ဍိုင်အတွက်
သင်တို့ ဖတ်ဖို့ မှတ်ဖို့။
* ငါ့ သင်ခန်းစာမှာလဲ
ရှောင်ရန် ဆောင်ရန်ဆိုတာ ရှိတယ်။
ငါတကော ကောနေရတဲ့သဘောက
ကရုဏာဒေါသောနဲ့
ငါ သင်တို့ကို ချစ်လို့ပြောတယ်မှတ်ပါ။

သည်အပိုဒ်သည် မန္တလေးမြို့သားတွေပါမက အခြားသော မြန်မာ့အသိုင်းအ၀ိုင်းအထိ ပြောပြလိုဇောများကို တွေ့ရသည်။ မြန်မာလူမျိုးတို့သည် တိုးတက်ကြီးပွားလိုစိတ် ပြင်းထန်သည်အားလျော်စွာ စည်းမျဉ်းစည်းကမ်းကို စနစ်တကျလိုက်နာဖို့ ခက်ခဲနေသည်လား မသိပေ။ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဆိုင်းဘုတ်မျိုးစုံ တွေ့ရသည်။ ယင်းတို့မှာ ရေမကူးရ၊ အမှိုက်မပစ်ရ၊ ကွမ်းသွေးမထွေးရ၊ ရထားပေါ် ဆေးလိပ်မသောက်ရ၊ အသံကျယ်ကျယ်မပြောရ၊ ဟွန်းမတီးရ စသည်တို့ပင်တည်း။ မြန်မာလူမျိုးတို့သည် တားမြစ်သည်ကို ပို၍ လုပ်ဆောင်ချင်ဟန် ရှိ၏။ အမှိုက်မပစ်ဆိုသည့်နေရာတွင် ပုံမှန်ထက် အမှိုက်ပေါ်များနေခြင်း၊ ဟွန်းမတီးရဆိုသည့်နေရာတွင် ဟွန်းသံများ အကျယ်ဆုံးဖြစ်ခြင်းတို့ တွေ့ရသည်။ ဤသည်ကို မလိုက်နာသောသူတို့သည် ကိုယ့်ကျင့်စာရိတ္တပိုင်းဆိုင်ရာတွင် အားနည်းသောသူများပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ သေးငယ်သည့်ကိစ္စရပ်များကို မလိုက်နာနိုင်လျှင် ကြီးမားသည့်နိုင်ငံ့ဥပဒေများကို လိုက်နာဖို့ရန် ခက်ခဲပေမည်။ မန္တလေးမြို့ကြီးကလည်း အပြုအမူ လုပ်ဆောင်ချက်များ မှားယွင်းသူတို့ကြောင့် စိတ်ညစ်နေသော သဘောရှိ၏။

* ငါ့မြို့ ငါ့မည် ငါ့မန္တလေး
ငါ့မြေမှာနေ ငါ့ရေကိုသောက်
ငါ့ကိုတော့ မဖောက်ဖို့ မနှောင့်ဖို့တော့ လိုတယ်။
* သင်တို့
သင်တုန်းဓား ၀င်္ကပါမှာ
ငါ့မျက်စိရည် နားရည်ဝ။
* သင်တို့
ရေးကြီးသုတ်ပျာ ဖြတ်သန်းနေတဲ့
လောကစက်ယန္တရားတွေကြား
ငါ့ကိုတော့ လာမရမ်းကားနဲ့။

မန္တလေးမြို့ကြီးသည် သစ္စာရှိရှိနှင့် ပေးဆပ်ခဲ့သလောက် သစ္စာဖောက်ခံခဲ့ရသည်နှင့် တူ၏။ အသားထဲကလောက်ထွက်သူများ၊ ကိုယ့်လူမျိုးကို ဂတုံးပေါ်ထိပ်ကွက်သူများ အများအပြား ရှိပုံရ၏။ တစ်ချိန်က သစ္စာဖောက်သူတို့ကြောင့် မန္တလေးမြို့ကြီး တပါးလူမျိုးတို့လက်ထဲ ကျရောက်ခဲ့ရဖူးပြီ။ ယခုလည်း ဟိုအရင်ကဲ့သို့ ဖြစ်သွားမည်ကို မန္တလေးမြို့ကြီးက ကြောက်ရွံ့နေသော သဘောဆောင်နေ၏။ မန္တလေးမြို့သည် မည်သည့်လူမျိုးကို ကြောက်ရွံ့နေသနည်း။ မည်သည့်အရာကို ကြောက်ရွံ့နေသနည်း။ မည်သို့ပင် ဆိုရစေကာမူ မန္တလေးမြို့သူတွေ အသားဖြူလာသည်ကတော့ သေချာသည်။ စကားသံဝဲသည်များလည်း သေချာသည်။ မန္တလေးမြို့တွင် အချို့သောနေရာတို့တွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်တို့ကို မန္တလေးသားစစ်စစ်တို့ပင် မဖတ်တတ်တော့ပါချေ။

ဤသည်ကိုမြင်သောကြောင့် မန္တလေးမြို့ကြီးက သူ့ကို သစ္စာဖောက်မည့်သူတို့ကို မြင်တွေ့ထားဟန် ရှိ၏။ မန္တလေးကို မည်သူသစ္စာဖောက်နိုင်သနည်း။ မည်သူတို့က မန္တလေးကို ပုန်ကန်နိုင်သနည်း။ ဤသည်မှာ စဉ်းစားစရာတစ်ခု ဖြစ်လာချေပြီ။

ကဗျာဆရာက ဇာတိမာန်ပြင်းထန်နေသည် ထင်သည်။ တစ်ချိန်က နာကျင်မှုများ မန္တလေးတွင် ထပ်မံပေါ်ပေါက်လာမည်ကို ကြိုတင်နိမိတ်ဖတ်မိ၍ပင်လော။ မန္တလေးမြို့ကြိးသည် မည်သူ့လက်တွင် ကျရှုံးနိုင်သနည်း။ မန္တလေးမြို့ကျရှုံးခဲ့စဉ်က မြန်မာတစ်နိုင်ငံလုံး ကျရှုံးခဲ့ရသည်။ ယခုအခါလည်း မန္တလေးမြို့ကျရှုံးလျှင် တစ်နိုင်ငံလုံး ကျရှုံးနိုင်မှု ရှိမရှိ။ ယင်းအကြောင်းအရာကို ကဗျာဆရာက အလွန်အမင်းတွေးတောထားပုံ ရသည်။ နောက်ဆုံးအပိုဒ်ကို အောက်ပါအတိုင်း ထပ်မံသီဖွဲ့ထားပြန်သည်။

* ငါ့ဝိညာဉ် အစိတ်အပိုင်းနဲ့
ငါ့ သမိုင်းတွေ
ဘယ်တုန်းကမှ မရိုင်းခဲ့ဘူး။
သင်တို့
ဘ နဖူး သိုက်တူးမယ်ဆိုရင်တော့
သိစရာ ကြည့်စရာ အဟုတ်ကွဲအောင်
အဘိဓမ္မာ သရုပ်ခွဲဖို့တော့ လိုမယ်--ဟု နိဂုံးအုပ်ထားသည်။

ကဗျာဆရာပြောဆိုသကဲ့သို့ပင် မန္တလေးသမိုင်းသည် ရိုင်းသည်မရှိခဲ့ပါ။ မန္တလေးသည် အရပ်ရှစ်မျက်နှာမှ လာသောလူများကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကြည်ကြည်ဖြူဖြူ လက်ခံထားသည်။ စားဝတ်နေရေးနှင့် ပျော်ရွှင်ဖွယ်ရာများကို ဖန်တီးပေးသည်။ ထိုအရာများကို သဘောကျသောကြောင့် မြို့ကိုသိမ်းပိုက်ချင်သော အလိုတူအလိုပါများ ရှိနေ၍ပင်လော မသိ။ အသားညိုသော မန္တလေးသားတွေ၏ စားဝတ်နေရေး ခက်ခဲလာသောကြောင့် မိမိပိုင်ဆိုင်သည့် မြေယာများကို ရောင်းထုတ်ကုန်သည်။ ဈေးသက်သာသော မြို့အစွန်တွင် ဟင်းသီးဟင်းရွက်ရောင်းပြီး အသက်မွေးကြသည်။

အရပ်မျိုးစုံမှလာသော ငွေကြေးချမ်းသာသူများက မြို့အလယ်တွင် ပျော်လို့ပါးလို့။ ယင်းတို့ကြောင့် မန္တလေး၏ ယဉ်ကျေးမှု၊ မန္တလေး၏ ရိုးရာ၊ မန္တလေး၏အထိမ်းအမှတ်များ တစတစနှင့် ပြုန်းတီးကုန်သည် ထင်သည်။ မန္တလေးနှင့်မသက်ဆိုင်သော ယဉ်ကျေးမှုများစီးဆင်းလာပြီး မန္တလေးချစ်စိတ်နုနယ်သောသူတို့ကို သိမ်းသွင်းကြဟန် တူ၏။ ဤသည်ကိုကြည့်ပြီး ကဗျာဆရာက ဘနဖူး သိုက်တူးမယ့်သူများကို မြင်တွေ့ထားသော သဘောဖြစ်သည်။ သည်လိုဆိုလျှင် မန္တလေးမြို့ကို မည်ကဲ့သို့ကယ်တင်မည်နည်း။ အိမ်ကြက်အချင်းချင်း မျက်နှာအိုးမဲသုတ်ပြီး ခွပ်ခိုင်းမည်လော။ သို့တည်းမဟုတ် မိမိ၏ယဉ်ကျေးမှုမဟုတ်သောအရာတို့ဖြင့် ဖုံးလွှမ်းသွားလေမည်လော။ မည်သို့ပင်ဆိုရစေကာမူ မန္တလေးချစ်စိတ်ကို နှိုးဆွပေးနိုင်သည့် အသိပညာရှင် အတတ်ပညာရှင်တို့ကတော့ လိုအပ်သည်မှာ အမှန်ပင်ဖြစ်လေသတည်း။


မောင်ချမ်းမွန်
2016-စံတော်ချိန်
AungKyi Soe