Breaking News

ဗုဒ္ဓမြတ်စွာ၏ ဝါဆိုစဉ်

၁။ ( ၁၀၃ခု ။ ၁ဝါမြောက် )
ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော
---ဓမ္မစကြာကို ပဉ္စဝဂ္ဂီရဟန်းတို့အား ရှေးဦးစွာ ဟောကြားတော်မူပြီးနောက် အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူ၏။


၂။ ( ၁၀၄ခု ။ ၂ဝါမြောက် )
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်
---ဝါကျွတ်သော် ခမည်းတော်သုဒ္ဓေါဒနမင်း ပင့်ဖိတ်ချက်အရ ကပိလဝတ်ပြည်သို့ ကြွတော်မူသည်။ ညီတော်မင်းနန်နှင့် သားရာဟုလာတို့အား သာသနာ့အမွေပေးတော်မူသည်။ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူသည်။


၃။ ( ၁၀၅ခု ။ ၃ဝါမြောက် )
ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း
---အနုရုဒ္ဓါ အာနန္ဓာ ဘဒ္ဒိယ ကိမိလ ဘဂု ဒေဝဒတ်မင်းသား (၆)ယောက်နှင့် ဥပါလိဟူသော ဆတ္တာသည် ပေါင်း ( ၇)ယောက်တို့ ရဟန်းပြုကြသည်။
---အရှင်မဟာကဿပ အရှင်ရဋ္ဌပါလ အရှင်ပိဏ္ဍောလ အရှင်ကစ္စည်း  အရှင်မဟာပန္ထက အရှင်စူဠပန္ထက အရှင်သောဏ အရှင်ဥပသေန အရှင်စုနန္ဒ တို့လည်း ရဟန်းပြုကြသည်။ ဤကိုးပါးလုံး ရဟန္တာချည်းသာဖြစ်ကြသည်။
---ဝေသာလီပြည် လိစ္ဆဝီမင်းတို့ ပင့်လျှောက်ချက်အရ ရောဂန္တရကပ်ကို ငြိမ်းစေရန် ရတနသုတ်ကို ကြွရောက်ချီးမြှင့်တော်မူသည်။


၎။ ( ၁၀၆ခု ။ ၄ဝါမြောက် )
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
---အထူးထူးသောတရား ဟောတော်မူ၏။
ဆွေတော်မျိုးတော်တို့ ရေခွဲဝေမှုနှင့်ပတ်သက်၍ ငြင်းခုံခြင်းကို ငြိမ်းစေခြင်းငှာ ```သုသုခံ ဝတ ဇီဝါမ´´´စသော တရားကို ဟောကြားတော်မူသည်။


၅။ ( ၁၀၇ခု ။ ၅ဝါမြောက် )
ဝေသာလီပြည် မဟာဝုန်တော
---ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မကျန်းမာကြောင်း လျှောက်ထားလာသောကြောင့် သံဃာတော် ၅၀၀နှင့်တကွကြွတော်မူသည်။ မင်းကြီးလည်း တရားတော်ကို နာရ၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး ပရိနိဗ္ဗာန်စံတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင် သဂြိုဟ်တော်မူသည်။ မိထွေးတော်ဂေါတမီအား ဘိက္ခုနီအဖြစ်သို့ ခွင့်ပြုတော်မူ၏။ ယသော်ဓရာဒေဝီလည်း မိထွေးတော်ဂေါတမီနှင့်အတူ ဘိက္ခုနီပြု၍ ရဟန္တာဖြစ်ကြကုန်၏။ ဤဝါ၌ပင် သစ္စကပရဗိုဇ်ကို အောင်မြင်တော်မူသည်။ မဟာသမယသုတ်ကိုလည်း ဟောကြားတော်မူသည်။


၆။ ( ၁၀၈ခု ။ ၆ဝါမြောက် )
မကုဠတောင် ချယားတော ရာဇဂြိုဟ်အနီး
---သာဝတ္ထိပြည်မှ အနာထပိဏ်သူဌေးပင့်ဖိတ်ခြင်းကို လက်ခံတော်မူသည်။ ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ တိတ္ထိတို့ကို နှိမ်နင်းရန် တန်ခိုးပြာဋိဟာကို ပြတော်မူသည်။


၇။ ( ၁၀၉ခု ။ ၇ဝါမြောက် )
တာဝတိံသာနတ်ပြည်
---တာဝတိံသာနတ်ပြည်သို့ ကြွ၍ မယ်တော်ဟောင်းနတ်သားနှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာ ၇ ကျမ်းကိုဟောကြားတော်မူသည်။


၈။ ( ၁၁၀ခု ။ ၈ဝါမြောက် )
ဘဂ္ဂတိုင်း သံသုမာရဂိရိပြည် ဘဂ္ဂါသယဇနပုဒ်အနီး ဘေသကဠာ မိဂဒါဝုန်တောအုပ်
---သီဟိုဠ်ကျွန်းကလျာဏီအရပ်၌နေသော မဏိဒက္ခိနဂါးမင်းတို့ ပင့်လျှောက်သဖြင့် သံဃာ ၅၀၀ နှင့်ကြွတော်မူသည်။ နဂါးတို့အား အဆုံးအမဟောတော်မူပြီး သုမနဂုတ္တတောင်ထိပ်၌ လကျာ်ခြေတော်ရာ ထားခဲ့၏။
```သီဟိုဠ်ကျွန်းသို့ မဟိန္ဒထေရ်သာသနာတော်ကို ဆောင်လတံ့။ မဟိန္ဒထေရ်သည် သုမနသာမဏေကို တာဝတိံသာ၌ သိကြားမင်း စူဠာမဏိစည်းခုံ၌ ဌာပနာသော ငါ၏လကျာ် ညှပ်ရိုးတော်ကို တောင်းချေ၍ ဒေဝါနံပိယတိဿမင်းအားနှင်း၍ ဌာပနာလတံ့။ ကာကဝဏ္ဏမင်း၏သား အဘယဒုဋ္ဌဂါမဏိမင်းသည် စေတီတည်၍ ဓာတ်တော်ကို ဌာပနာလတံ့။´´´ ဟူ၍ ဗျာဒိတ်ကြားတော်မူ၏။
---သုမနဂုတ္တတောင်ထိပ်၌ ဖလသမာပတ်ဝင်စားတော်မူ၏။ ဒီဃဝါပီအရပ် မဟာမေဃဝန်အရပ် ဒက္ခိဏသာခါတည်မည့်အရပ် ဤအရပ်တို့သို့လည်း သံဃာနှင့်တကွ ကြွတော်မူ၍ ဖလသမာပတ်ဝင်စားပြီးမှ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့၏။


၉။ ( ၁၁၁ခု ။ ၉ဝါမြောက် )
ကောသမ္ဗီပြည် ဃောသိတာရုံ ကုက္ကုဋာရုံ ပါဝါရိကာရုံကျောင်းတော်များ
---ကောသမ္ဗီပြည်ရဟန်းတော်တို့ ကုဋီအိမ်၌ ရေခွက်တွင် သန့်စင်ရေကျန်ရာမှ ဝိဝါဒဓိကရုဏ်း ဖြစ်ကြသည်။ ထို့ကြောင့် အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ ဒီဃီတိကောသလဇာတ် ဒီဃာဝုကုမာရဝတ္ထု ဝိနည်းမဟာဝါ ကောသမ္ဗကက္ခန္ဓကတို့ကို ဟောတော်မူသည်။


၁၀။ ( ၁၁၂ခု ။ ၁၀ဝါမြောက် )
ပါလိလေယျကတောအုပ်
---ကောသမ္ဗီပြည် ဃောသိတာရုံ ကုက္ကုဋာရုံ ပါဝါရိကာရုံကျောင်း၌ သံဃာ့ဝိဝါဒါဓိကရုဏ်းပေါ်ပေါက်၍ အဆုံးအမပေးတော်မူသော်လည်း ငြိမ်းချမ်းခြင်းမရှိသောကြောင့် ပုလလဲတော ( ပါလိလေယျကတော ) သို့ကြွ၍ ပါလိလေယျကဆင်မင်း၏ အလုပ်အကျွေးကိုခံယူကာ ဝါကပ်တော်မူသည်။
---ဘုရားထံ ဆည်းကပ်ခွင့်မရသော ကောသမ္ဗီသားတို့သည် သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့ခြင်းကို မပြုဘဲ သပိတ်မှောက်ထားကြသည်။ ထိုအခါမှ သံဃာများ သံဝေဂရ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွခဲ့သည်။
---ထိုဝါကျွတ်ပြီးနောက်ပိုင်းတွင် နန္ဒောပနန္ဒနဂါးမင်းနှင့် ဗကဗြဟ္မာမင်းတို့ကို ချေချွတ်၍ အောင်မြင်တော်မူသည်။


၁၁။ ( ၁၁၃ခု ။ ၁၁ဝါမြောက် )
နာဠကပုဏ္ဏားရွာ (ရာဇဂြိုဟ်ပြည်အနီး ဒက္ခိဏာဂီရိ)
---တရားအထူးထူးဟောကြားတော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါတို့ကို ချေချွတ်ကယ်တင်တော်မူ၏။


၁၂။ ( ၁၁၄ခု ။ ၁၂ဝါမြောက် )
ဝေရဉ္ဇာပြည် နဠေရုပုစိမန္ဒတမာပင်ရင်း
---ဝေရဉ္ဇာမြို့စား၏ ပင့်လျှောက်ချက်အရ ကြွရောက်ဝါဆိုသော်လည်း မာရ်နတ်က ဝေရဉ္ဇာမြို့စားအားလှည့်စားခြင်း ဝေရဉ္ဇာပြည် မိုးခေါင်၍ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ခြင်းများကြောင့် မြတ်စွာဘုရားသည် မြင်းကျွေးသည့် မုယောဆန်ကြမ်းကိုစားရကာ ဝိပါတ်တော် ၁၂ပါးမှ ဆွမ်းကြမ်းစားရသည့် ဝိပါတ်တော်ကို ခံရသည်။


၁၃။ ( ၁၁၅ခု ။ ၁၃ဝါမြောက် )
စာလိယတောင် ချယားတော
---တရားအထူးထူး ဟောကြားတော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါတို့ကို ကယ်တင်ချွတ်တော်မူသည်။


၁၄။ ( ၁၁၆ခု ။ ၁၄ဝါမြောက် )
သာဝတ္ထိပြည် ဇေတဝန်ကျောင်း
---သူစိလောမဘီလူး  အင်္ဂုလိမာလ စိဉ္စမာဏဝိကာ တို့ကို ချေချွတ်တော်မူသည်။


၁၅။ ( ၁၁၇ခု ။ ၁၅ဝါမြောက် )
ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း
---ဆွေတော်မျိုးတော်အပေါင်းတို့အား တရားရေအေးတိုက်ကျွေးတော်မူသည်။


၁၆။ ( ၁၁၈ခု ။ ၁၆ဝါမြောက် )
အာဠဝီပြည်အနီး မဟာဝုန်တော
---အာဠာဝကဘီလူးကို အောင်မြင်တော်မူသည်။


၁၇။ ( ၁၁၉ခု ။ ၁၇ဝါမြောက် )
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
---တရားအထူးထူး ဟောကြားတော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါများအား ချေချွတ်တော်မူသည်။


၁၈။ ( ၁၂၀ခု ။ ၁၈ဝါမြောက် )
       ( ၁၂၁ခု ။ ၁၉ဝါမြောက် )
စာလိယတောင်
---တရားအထူးထူး ဟောကြားတော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါများအား ကယ်တင်ချေချွတ်တော်မူသည်။


၁၉။ ( ၁၂၂ခု ။ ၂၀ဝါမြောက် )
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
---နာဠာဂီရိဆင်ကို အောင်မြင်တော်မူသည်။


၂၀။ ( ၁၂၃ခု ။ ၂၁ဝါမြောက်မှ ၁၄၆ခု ။ ၄၄ဝါမြောက်အထိ  ၂၄ဝါ )
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်
---ဤ (၂၄)ဝါအတွင်း၌ မြတ်စွာဘုရားသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
ပမာဏဆောင်သော သုတ္တန် ပိဋကတ်
ဝိနယ ပိဋကတ်
အဘိဓမ္မာ ပိဋကတ်တည်းဟူသော
ပိဋကတ်သုံးပုံ တရားဒေသနာတော်ကို
လူနတ်ဗြဟ္မာသတ္တဝါကို ဟောကြားတော်မူ၍ နိဗ္ဗာန်ချမ်းသာကို ပေးသနားတော်မူခဲ့သည်။


၂၁။ ( ၁၄၇ခု ။ ၄၅ဝါမြောက် )
ဝေဠုဝရွာ ( ဝေသာလီနှင့် ရာဇဂြိုဟ်အကြား ဂင်္ဂါမြစ်အနီး )
---အဆုံးစွန်ဖြစ်သော ဤဝါတွင်း၌ သွေးသွန်ရောဂါဖိစီးခြင်းကို ခံတော်မူရသည်။ ဝါကျွံတ်သောအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူသည်။ သာဝတ္ထိမှဝေသာလီ။ ဝေသာလီမှ ရာဇဂြိုဟ်သို့ ကြွတော်မူ၍ တရားစည်ရွှမ်းလျှက် မရေမတွက်နိုင်သော ဝေနေယျတို့အား နိဗ္ဗာန်ချမ်းသာကို ပေးတော်မူသည်။ ထိုနှစ် တပို့တွဲလပြည့်နေ့တွင် ```ငါဘုရား ကဆုန်လပြည့်နေ့တွင် ပရိနိဗ္ဗာန်စံမည် ´´´ဟု အာယုသင်္ခါရလွှတ်တော်မူသည်။


၂၂။ ( ၁၄၈ခု ။ ကဆုန်လပြည့် အင်္ဂါနေ့ )
---ကုသိနာရုံပြည်
မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် ပြုတော်မူသည်။
____________________________


                     _____ဗုဒ္ဓမြတ်စွာ၏ သုံးဖြာသာသနာသည် ကမ္ဘာအနှံ့ပျံ့ပါစေ_____
                                             [အပ္ပမာဒေန သမ္ပာဒေထ ]