Breaking News

ကန့်လန့်ကာကြီးရယ် နေပါဦး


မနေ့ညက ခေတ်ဟောင်းမြန်မာသီချင်းများကို ဒေါင်းလုတ်ဆွဲယူရင်း နံနက် ၅ နာရီခန့်မှ အိပ်ယာဝင်ခဲ့သည်။ ခေတ်ဟောင်းမြန်မာသီချင်းများကို ကျွန်တော် အလွန်အမင်း နှစ်သက်လှပါသည်။ ခေတ်ဟောင်း မြန်မာသီချင်းများသည် မည်သည့်သီချင်းကို နားထောင်ထောင် အဓိပ္ပါယ်ရှိ၍ အနှစ်သာရ ပြည့်ဝလှသည်။ ထိုအများထဲတွင် နောင်နှင့် နီနီဝင်းရွှေတို့သီဆိုသည့် "ကန့်လန့်ကာကြီးရယ် နေပါဦး"ဆိုသည့်သီချင်းကို နားထောင်ပြီး အတွေးတစ်ခု ၀င်လာခဲ့သည်။ ထိုအတွေးမှာ . . . . . ။

ကျွန်တော်တို့သည် လူ့ဘ၀ဇာတ်ခုံတွင် မိမိတို့ရောက်ရှိသည့်နေရာမှ မျိုးစုံအောင် ကပြနေကြသည့် ဇာတ်မင်းသား၊ ဇာတ်မင်းသမီးများ ဖြစ်ကြသည်။ ဤလူ့ဘ၀ဇာတ်ခုံတွင် မည်သူက မည်သည့်နေရာကို နေမည်။ မည်ရာထူးကတော့ မည်သူရသင့်သည်ဟု ခွဲဝေစရာမလိုပဲ ဗုဒ္ဓ၀ါဒအရ ရှေးရှေးကပြုဖူးသော ကံကြောင့် ထိုက်သင့်သည့်နေရာများကို အလိုအလျောက် ရရှိထားကြသည်။ ဇာတ်ခုံပေါ်တွင် မင်းသား၊ မင်းသမီး ပါဝင်သကဲ့သို့ လူ့ဘ၀ဇာတ်သဘင်တွင်လည်း မင်းသား၊ မင်းသမီး၊ လူဆိုး၊ လူကောင်းဟူ၍ ပါဝင်သည်။ မိမိ၏ဘ၀တွင် မိမိသည်သာ မင်းသား၊ မင်းသမီးဖြစ်၍ မိမိနှင့် အဆင်မပြေ၊ ရန်ဘက်ဖြစ်သူသည် မိမိဘ၀ဇာတ်ခုံပေါ်တွင် လူဆိုး ဖြစ်၏။

ဇာတ်ခုံပေါ်က မင်းသားသည် ၄င်းတစ်ဦးတည်းဖြင့် ကာရိုက်တာမျိုးစုံသော စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ခြင်းငှာ မစွမ်းနိုင်ပေ။ ထိုအခါ ပတ်ဝန်းကျင်ဟူသည့် ဇာတ်လမ်းကို ကောင်းမွန်အောင် ထောက်ပံ့ပေးမည့် အထောက်ပံ့များလည်း ပါဝင်လာရသည်။ ထိုပတ်ဝန်းကျင်သည် ကောင်းသည်လည်း ရှိ၏။ ဆိုးသည်လည်း ရှိ၏။ ကောင်းခြင်း၊ ဆိုးခြင်းဆိုသည်မှာ လက်ခံရယူသည့် မိမိနှင့်သာ သက်ဆိုင်သည်။ မိမိသာ ထိုအခြင်းအရာများကို စိတ်ဝင်တစားလက်ခံမထားလျှင် ကောင်းခြင်း၊ ဆိုခြင်းဆိုသည်တို့မှာ မိမိထံ ရောက်မလာနိုင်ပေ။ သို့သော် လူသည် ပြဿနာများဖြင့်သာ အသက်ရှင်နိုင်၏။ ပြဿနာမရှိလျှင် လူသည် ပျင်းရိလေးတွဲ့စွာဖြင့် စိတ်ကို မထိန်းနိုင်ပေ။ ထိုအခါ ကောင်းခြင်း၊ ဆိုးခြင်းများကို ရှာဖွေတတ်ကြ၏။

ကန့်လန့်ကာကြီးရယ် နေပါဦးဆိုသည့် သီချင်းသည် စာသားလေးကြောင်းတည်းဖြင့် အထပ်ထပ်အခါခါ သီဆို၍ ကသည်။ သို့သော် နားထောင်၍ မရိုးနိုင်ပေ။ ယင်းစာသားများမှာ အောက်ပါအတိုင်း ဖြစ်၏။
#ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ ကောင်းနေတုန်း
#ရွာသားလေးရေ တီးပေးပါဦး ဆိုလို့ ကောင်းနေတုန်း
#လက်ခုပ်သံတွေ တီးပါဦး ရင်ခုန် ကောင်းနေတုန်း
#မလေး/မောင်လေးရယ် ပြုံးပြပါဦး ပျော်လို့ရွှင်လို့ မဆုံး . . . . ။

လူ့ဘ၀သက်တမ်းသည် တို၏။ ယင်းတိုလွန်းသည့်သက်တမ်းတွင်ပင် ရောဂါများ၊ ကပ်ဘေးများ စသည်တို့၏အဖျက်ကြောင့် တိုသည့်သက်တမ်းသည် ထပ်ချိုး၍ တို၏။ ယင်းတိုသည့်သက်တမ်းတွင် ကျွန်တော်တို့သည် တစ်ပါးသူ၏ အောင်မြင်ခဲ့လျှင် မနာလို ဖြစ်ခဲ့ကြဖူးသည်။ တစ်ပါးသူ ကျရှုံးခဲ့လျှင် ၀မ်းသာခဲ့ကြဖူးသည်။ တစ်ပါးသူ ကြီးပွားမည်ကို စိုးရိမ်ခဲ့ကြဖူးသည်။ တစ်ပါးသူ တိုးတက်မည်ကို မရှုစိမ့် ဖြစ်ခဲ့ကြဖူးသည်။ ယင်းကဲ့သို့ တစ်ပါးသူ၏ အခြေအနေအရပ်ရပ်တွင် ဣဿာ၊ မစ္ဆရိယစိတ်များ တဖွားဖွားဖြစ်ပွားနေရင်းပင်လျှင် မိမိဘ၀တိုးတက်ဖို့ရာနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ဖို့ရာကို မေ့လျော့ခဲ့ကြသည်။

လူသည် သေဆုံးသွားလျှင် မည်သည့်အရာဝတ္ထုမှ ၄င်းနှင့်အတူ ယူဆောင်မသွားနိုင်ပေ။ ဗုဒ္ဓ၀ါဒအရဆိုလျှင် ကောင်းမှုကံနှင့် မကောင်းမှုကံသာလျှင် ယူဆောင်သွားနိုင်၏။ ထိုသို့ အရာဝတ္ထုများကို ယူဆောင်မသွားနိုင်ဘူးဟုဆိုလျှင် တိုလွန်းလှသည့်လူ့ဘ၀တွင် ကျွန်တော်တို့ မည်ကဲ့သို့ နေထိုင်ရမည်နည်း။ ပျော်ရွှင်စွာ နေထိုင်ရပါမည်။ သို့သော် မိမိပျော်ရွှင်မှုသည် တစ်ပါးသူကို မထိခိုက်စေသင့်ပေ။ လူ့လောကအကျိုးနှင့် ကမ္ဘာကြီး၏အကျိုးကို မိမိတတ်နိုင်သလောက် ထမ်းပိုးရမည်။ သူတော်ကောင်းများ ချီးကျူးသည့် ကောင်းသည့်အရာများကို ပြုလုပ်ရမည်။ လူသားအချင်းချင်း ကူညီရိုင်းပင်းရမည်။

ကျွန်တော်တို့သည် လူ့ဘ၀ဇာတ်ခုံပေါ်တွင် ကကြိုးညီညာစွာ ကပြနေရသည်။ သို့သော် ဇာတ်သဘင် မဟုတ်ပါ။ မိမိသေဆုံးခါနီးအချိန်မှ ဒါမှမဟုတ် မိမိတို့အမှားများစွာ ကျူးလွန်ပြီးခါမှ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန်အတွက် နောင်တကြီးစွာဖြင့် ကန့်လန့်ကာကြီးကို မပိတ်ရန် မတားဆီးနိုင်ချေ။ မိမိအသက် မသေစေရန် နတ်ကောင်း နတ်မြတ်များထံ အကူညီတောင်း၍ မရပါ။ ဘုရားစင်ရှေ့တွင် ဆုတောင်း၍ မရနိုင်ပါ။ အသက်ရှင်ရသည်မှာ မ၀သေးဟူသောအကြောင်းပြချက်ဖြင့် သေမင်းထံ အယူခံဝင်၍ မရပါ။ ကန့်လန့်ကာကြီးသည် အချိန်တန်လျှင် မည်သူ့အမိန့်အာဏာကြောင့်မှ မရပ်တန့်ပဲ ၀ုန်းခနဲ ပိတ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကန့်လန့်ကာကြီးမပိတ်ခင်ကပင် ကောင်းသည့်အရာများ၊ သူတော်ကောင်းတရားများနှင့် လူ့လောကအကျိုးများကို ကြိုတင်ပြုလုပ်ရမည် ဖြစ်သည်။